ပါတီကနေ ခွင့်ရက်ရှည် တစ်နှစ်ယူထားတယ်လို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဒုတိယဥက္ကဌ(၂) ဖြစ်တဲ့ ဦးကျော်ဇေယျက ပါတီတာဝန်တွေကနေ တစ်နှစ်ခန့်အနားယူမှာဖြစ်ပြီး ၂၀၂၂မှ ပါတီနိုင်ငံရေးကို ပြန်လည်ဆောင်ရွက်မယ်လို့ Duwun ကို ပြောပါတယ်။

အခုလို အနားယူခြင်းက စီးပွားရေးလုပ်ငန်းပြန်လုပ်ဆောင်ဖို့နဲ့ မိသားစုကို အချိန်ပေးဖို့ ဖြစ်ပြီး ပါတီက ခွင့်ပြုတဲ့အတွက် ခွင့်ရက်ရှည်ရခဲ့တာဖြစ်တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။



" အန်ကယ် ငါးနှစ်တိတိလေ စီးပွားရေးလုပ်ငန်းတွေ ၊ ဥယျာဉ်ခြံမြေ ပစ်ထားရတာတွေရှိတယ် အဲဒါလေးတွေကို အခုမိုးဦးကျလာရင် စနစ်တကျလုပ်မယ်ပေါ့။ပြည်ပကိုလည်း ခရီးသွားမယ်။ အန်ကယ့်သမီးက ဟိုမှာကျောင်းတက်နေတော့ မိသားစုကိုလည်း အချိန်ပေးဖို့လုပ်မယ်လေ။အဲဒါလေးတွေကြောင့် အနားယူဖို့ခွင့်တောင်းတော့ ပါတီကလည်း ခွင့်ပြုတယ်။အဲဒါကြောင့်ပါ ဟိုလို ပါတီကနေ အနားယူလိုက်တာ မဟုတ်ပါဘူး " လို့ ဦးကျော်ဇေယျက Duwun ကို ပြောပါတယ်။

၂၀၂၂မှာတော့ နိုင်ငံရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖြစ်သလို ပြည်သူ့ရှေ့ဆောင်ပါတီမှာပဲ ဆက်လက်ရှိနေမှာဖြစ်ပြီး ဒုဥက္ကဋ္ဌတာဝန်မဟုတ်လည်း ပါတီကပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

" အခု တစ်နှစ်နားလိုက်မယ်။ ပြီးရင် ၂၀၂၂မှာ ပြည်သူ့ရှေ့ဆောင်ပါတီမှာပဲ ပါတီလုပ်ငန်းတာဝန်များကို ပေးအပ်တဲ့အတိုင်း တာဝန်ပြန်ထမ်းဆောင်မှာပါ။ CEC သဘောထားပေါ့။ အစားထိုးလည်းထိုးပေါ့။အန်ကယ်မတတ်နိုင်ဘူးလေ။အစားထိုးသည်ဖြစ်စေ ၊ မထိုးသည်ဖြစ်စေ အန်ကယ် ၂၀၂၂မှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီမှာ ကျရာနေရာကနေ တာဝန်ထမ်းမယ် ၊ ဒုဥက္ကဌတာဝန်ပေးလည်း ဆက်လုပ်မှာပါ " လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ကတော့ ကာယကံရှင်ရဲ့ ဆန္ဒကို အလေးထားတဲ့အတွက် ဒီလိုခွင့်ပြုတာဖြစ်ပြီး ပါတီနဲ့ ပြဿနာတစ်စုံတစ်ရာမရှိသလို ဒုဥက္ကဋ္ဌနေရာအတွက် အစားထိုးဖို့ အစီအစဉ်လည်း မရှိသေးဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။

ဦးကျော်ဇေယျက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ NLDပါတီကနေ ဒဂုံမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သလို ၂၀၂၀ရွေးကောက်ပွဲ မှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီမှာ ဒုတိယဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ရင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။




က္က