စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

ကိုဗစ်ကာလမှာ ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေအနေနဲ့ ကာလကြာမြင့်လာတဲ့အခါမှာ ရပ်တည်ဖို့ အခက်အခဲရှိလာတာကြောင့် စားသောက်ဆိုင်အချို့ အပြီးတိုင်ပိတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ 

ရန်ကုန်မှာ ဆိုရင် ကိုဗစ်ကာလအတွင်း အပြီးပိတ်သိမ်းခဲ့ရတဲ့ စားသောက်ဆိုင်ပေါင်း (၁၀၀)နီးပါးရှိကာတခြားစားသောက်ဆိုင်တွေအနေနဲ့လည်း ပြန်လည်ဖွင့်လှစ်ခွင့်ရရင်တောင်မှ ချက်ချင်းရပ်တည်ဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။ 



ဆိုင်ပိတ်သိမ်းထားရတဲ့ အချိန်ကာလကြာမြင့်လာတဲ့အခါ လုပ်ငန်းရှင်တွေရပ်တည်ဖို့ အခက်အခဲရှိနေသလို ဝန်ထမ်းတွေလည်းအလုပ်လက်မဲ့ဖြစ်နေရတာကြောင့် စားသောက်ဆိုင်တွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်များလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ(၄) ဒေါ်နှင်းနှင်းအေးက Duwun ကိုပြောပါတယ်။

“ အစ်မတို့လည်း ပြန်လည်ဖွင့်လှစ်ရနိုးနိုးနဲ့ စောင့်နေတာ ခုထိဘာမှထူးမလာဘူး။ ပိတ်ထားတဲ့ ကာလကကြာတော့ တချို့လုပ်ငန်းရှင်တွေက ဘယ်လိုမှမရပ်တည်နိုင်တော့ဘူး။ ဆိုင်ခန်းနေရာအငှားတွေမှာ နှစ်ချုပ်ချုပ်ထားရတဲ့သူတွေဆိုပိုဆိုးတယ်။ အခုဆို ပြန်မဖွင့်နိုင်ပဲ လုံးဝပိတ်လိုက်ရတဲ့ဆိုင်က (၆၀)ကျော် (၁၀၀)နီးပါးလောက်ရှိနေပြီ။ တချို့စားသောက်ဆိုင်တွေဆို ခိုးဖွင့်နေတာတွေလည်းရှိတယ်။ အရေးယူကာမှယူဆိုပြီး။ အမတို့ဖြစ်စေချင်တာက ဆိုင်အားလုံးကိုသာ စနစ်တကျနဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်ဆိုရင် အားလုံးကလည်းလိုက်နာပြီးလုပ်ဆောင်ကြမှာပါ။ အခုက ဖွင့်ခွင့်ကိုမရတာ” လို့ ဒေါ်နှင်းနှင်းအေးကပြောပါတယ်။ 

စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေနဲ့ကလည်းအစိုးရနဲ့ ညှိနှိုင်းမှုတွေလုပ်နေပေမယ့် ယနေ့အထိ ထူးခြားမှုမရှိလာဘူးလို့ သိရပါတယ်။ အစိုးရအနေနဲ့ ကိုဗစ်စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ သက်တမ်းကာလထပ်တိုးနေဦးမယ်ဆိုရင်တော့ စားသောက်ဆိုင်တွေကို ဧပြီလကုန်လောက်မှသာ ဖွင့်လှစ်နိုင်တော့မယ်ထင်တယ်လို့ လည်း ဒေါ်နှင်းနှင်းအေးကပြောပါတယ်။ 

ကိုဗစ်ကြောင့် လအတန်ကြာပိတ်ထားရတဲ့ စားသောက်ဆိုင်ရှင်တွေအနေနဲ့ အခက်အခဲတွေကြုံတွေ့နေရပေမယ့်လည်း ဆိုင်တွေကိုတော့ လက်ရှိအချိန်အထိတရားဝင်ဖွင့်လှစ်ရောင်းချခွင့်မရှိသေးတဲ့အနေအထားမှာပဲရှိနေပါသေးတယ်။ လမ်းဘေးဈေးသည်တွေအနေနဲ့ကတော့ နေ့စဉ်စားဝတ်နေရေးအတွက်ခက်ခဲလာတဲ့အခါမှာ ဆိုင်တွေဖွင့်လှစ်ရောင်းချနေတာတွေရှိနေတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိတွေက ကိုဗစ်စည်းမျဉ်းတွေနဲ့သာ ဖွင့်လှစ်ကြဖို့ လိုက်လံနှိုးဆော်မှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က