ပိုးတွေ့လူနာ တွေ့ရှိထားတဲ့ ဟေမာန်ဦးဘုန်းတော်ကြီးကျောင်းကို အသွားအလာကန့်သတ်ထား

မြဝတီမြို့ အမှတ် (၄) ရပ်ကွက်က ဟေမန်ဦးဘုန်းကြီးကျောင်းက သံဃာတစ်ပါး မျက်လုံးခွဲစိတ်ဖို့ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ သံဃာအပါအဝင် သံဃာ (၁၂) ပါးနဲ့ လူ တစ်ဦးတို့မှာလည်း ကိုဗစ်ပိုးကူးစက်ခံထားရတာကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သံဃာတစ်ပါးက မျက်လုံးခွဲစိတ်ဖို့ ဘားအံကို သွားရောက်ခဲ့ပြီး စစ်ဆေးစဉ် သံဃာအပြင် အတူလိုက်ပါတဲ့ လူပုဂ္ဂိုလ်မှာပါ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးဆက်စပ်ထိတွေ့သူ သံဃာအပါး (၃၀) ကို သီးခြားခွဲစောင့်ကြည့်ပြီး swab ယူစစ်ဆေးခဲ့ရာ သံဃာ (၁၁) ပါးမှာ ကိုဗစ်ကူးစက်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။



လက်ရှိမှာတော့ ပိုးတွေ့လူနာ တွေ့ရှိထားတဲ့ ဟေမာန်ဦးဘုန်းတော်ကြီးကျောင်းကို အသွားအလာကန့်သတ်ကာ လော့ဒေါင်းပြုလုပ်ထားလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

"ဘုန်းကြီးတစ်ပါးက ဘားအံ့မှာမျက်လုံးခွဲဖို့သွားရာမှာ ကိုဗစ်ပိုးတွေ့တယ်လို့အကြောင်းကြားတော့ ၊ ဘုန်းကြီးနဲ့အတူသွားတဲ့ ဒကာမှာလည်း တွေ့တယ် ။ အကြောင်းကြားတာနဲ့ ထိစပ်မှုရှိတဲ့ သံဃာအပါး (၃၀) ကို ထပ်စစ်တော့ စုစုပေါင်း (၃၀) ထဲမှာ (၁၁) ပါးထပ်တွေ့တယ်။ အဲဒီတော့ ကျောင်းကို ပိတ်ထားလိုက်တယ်။ အဝင်အထွက်လုပ်လို့မရတော့ဘူး။" မြဝတီမြို့အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစည်လိူင်ကပြောပါတယ်။

လော့ဒေါင်းပြုလုပ်ထားတဲ့ကျောင်းဝန်းအတွင်းက သံဃာနဲ့ ဆရာလေးတွေကို စောင့်ကြည့်နေပြီး ကျန်းမာရေးထူးခြားဖြစ်စဉ်ရှိပါက ကျန်းမာရေးဌာနတာဝန်ရှိသူတွေကို အကြောင်းကြားရမှာဖြစ်ကြောင်း၊ ထူးခြားဖြစ်စဉ်ရှိတဲ့ တစ်ပါးချင်းကို ထုတ်ယူကုသမှာဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းအတွင်းသီတင်းသုံးတဲ့ သံဃာတွေနဲ့ သီလရှင်ဆရာလေးတွေအတွက် ဆွမ်းကိစ္စအခက်အခဲမဖြစ်အောင်ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ ဆန် (၂၄) ပြည်ပါ ဆန်အိတ် (၃၅) အိတ် ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း (၆၁၂) ဦးရှိပြီး သေဆုံး လူနာ (၂ )ဦးရှိခဲ့တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ လက်ရှိ တော့မြဝတီမြို့ရဲ့ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးထိန်းချုပ်ရေးကို ဆောင်ရွက်ဖို့အတွက် ည (၁၂) နာရီ ကနေ မနက် (၄) နာရီအတွင်း ညမထွက်ရအမိန့်ကို ဇန်နဝါရီလ (၁၅) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က