တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူ့ရွေးကောက်ခံထဲက အန်အယ်လ်ဒီပါတီကိုယ်စားပြုကိုယ်စားလှယ် ၅၆ ဦးနဲ့ ရွေးကောက်ခံမဟုတ်တဲ့တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရှိမှာဖြစ်ပါတယ်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကိုလာမယ့်ဖေဖော်ဝါရီ ၉ ရက်မှာစတင်ကျင်းပဖို့ တိုင်းဒေသကြီးလွှတ်တော်ရုံးက ဒီကနေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၁၊ ၁၇၂(ခ)၊ ၂၀၁၃ ခုနှစ်တိုင်ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၊ နည်းဥပဒေ၃(က)(၁)ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကြေညာချက်ထုတ်ပြန်တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက် မနက်၁၀ နာရီမှာစတင်ကျင်းပသွားမှဖြစ်တယ်လို့ ကြေညာချက်ထဲမှာဖော်ပြပါရှိပါတယ်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ဒု-ဥက္ကဋ္ဌတို့ကိုရွေးချယ်ခန့်အပ်သွားမှာဖြစ်တယ်လို့ သိရပြီး ဒါနဲ့ပတ်သက်လို့တော့ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် လက်ရှိထပ်မံရွေးကောက်ခံ ကိုယ်စားလှယ်လည်းဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးမြင့်အောင်မိုးက "သဘာပတိရွေးချယ်တင်မြှောက်ပြီးတော့ ကိုယ်စားလှယ်တွေအားလုံးကျမ်းကျိန်ပြီးတာနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌရွေးရမှာ၊ အဲဒီလိုရွေးပြီးမှ ကော်မတီတွေဖွဲ့တာ တို့ ဘာတို့အဆင့်ဆင့်လုပ်ရမှာပေါ့ အဲဒီလိုပါ" လို့ Duwun ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ ၈ ရက်ကကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးမြို့နယ် ၂၈ မြို့နယ်လုံးမှာ အန်အယ်လ်ဒီပါတီကိုယ်စားပြုကိုယ်စားလှယ်တွေကပဲ အနိုင်ရခဲ့တာကြောင့် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူ့ရွေးကောက်ခံထဲက အန်အယ်လ်ဒီပါတီကိုယ်စားပြုကိုယ်စားလှယ် ၅၆ ဦးနဲ့ ရွေးကောက်ခံမဟုတ်တဲ့တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရှိမှာဖြစ်ပါတယ်။



က္က