လက်ရှိစုစုပေါင်းပုဒ်မ (၄)ခုနဲ့ တရားရင်ဆိုင်နေရတာပါ။

လက်ရှိ အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရတဲ့ လိုတရပေါက်စီနဲ့ပေါင်မုန့် စက်ရုံပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကိုနောက်ထပ်ပုဒ်မသုံးခုနဲ့ အမှုထပ်ဖွင့်ထားတယ်လို့ သိရပါတယ်။

ထပ်ဖွင့်လိုက်တဲ့အမှုတွေက လုပ်ငန်းလိုင်စင်မရှိတဲ့အတွက်စည်ပင်ကတရားစွဲဆိုမှု၊ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ အလုပ်သမားရေးရာကော်မတီကတရားစွဲဆိုမှုနဲ့ ဝန်ထမ်းကောင်လေးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ရဲအရေးပိုင်ဘက်ကနေ အလုပ်သမားကိုယ်တိုင်ကတရားစွဲဆိုမှု စုစုပေါင်း ပုဒ်မ သုံးခုနဲ့ ထပ်ပြီး တရားစွဲဆိုခဲ့တာလို့ဆိုပါတယ်။ 

“ လက်ရှိရင်ဆိုင်နေတဲ့ အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)အပြင် နောက်ထပ်ပုဒ်မ သုံးခုနဲ့ ထပ်ဖွင့်တော့ စုစုပေါင်းအမှုရင်ဆိုင်ရမှာ လေးခုဖြစ်သွားတာပေါ့။ ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ရဲအရေးပိုင်ဘက်ကနေ အလုပ်သမားကိုယ်တိုင်ကတရားစွဲဆိုတဲ့အမှုက အခုတရားရုံးကိုရောက်နေပြီ စတင်စစ်ဆေးဖို့ပဲ ကျန်တော့တယ်။ အခု ပုဒ်မ (၈၅)နဲ့ကလည်း သူတို့ဘက်က ဝန်ခံတာနဲ့ အမှုကပြတ်တယ်။ ငွေဒဏ်နဲ့ ထောက်ဒဏ်နှစ်ခုရှိတာဆိုတော့ တရားရုံးကဘယ်လိုအမိန့်ချမလဲမသိဘူး”လို့ ရွေ့ပြောင်းအလုပ်သမားဌာနမှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်ကDuwunကိုပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ(၁၈)ရက်နေ့မှာ အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ တရားစွဲဆိုထားမှုအတွက် တတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ တရားခံတွေဘက်က ဒီအမှုနဲ့ပတ်သက်လို့ အမှုအမြန်ပြီးပြတ်အောင် ဝန်ခံသွားမယ်လို့လည်း တရားခွင်မှာထွက်ဆိုခဲ့ပါတယ်။

နောက်ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီလ (၂၇)ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး လိုပြသက်သေ နှစ်ဦးကို စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ တရားရင်ဆိုင်နေရတဲ့ ပုဒ်မ (၈၅)က ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်နိုင်ပြီး အများဆုံး ငွေဒဏ်ကျပ်သိန်း (၂၀)နဲ့အများဆုံး ထောင်ဒဏ်သုံးလအထိချမှတ်နိုင်တယ်လို့လည်းသိရပါတယ်။




က္က