ကိုဗစ်ကာလအတွင်း ဟိုတယ်လုပ်ငန်းတွေမှာ ဝင်ငွေ သုညဖြစ်သွားခဲ့ရဟုဆို
Mi Thawdar Aung

ရန်ကုန်မြို့က ဆူးလေရှန်ဂရီလာလို ထိပ်တန်းဟိုတယ်အချို့အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဟိုတယ်နဲ့ တည်းခိုခန်းအလုံးပေါင်း (၁,၀၀၀) ကျော် ယာယီပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က Duwun ကိုပြောပါတယ်။



ကိုဗစ်ကပ်ရောဂါကာလအတွင်း ဟိုတယ်တွေကို ဧည့်သည်ဝင်ရောက်ခြင်းမရှိတော့ဘဲ ဟိုတယ်လုပ်ငန်းတွေမှာ ဝင်ငွေ သုညကို ရောက်ရှိသွားတယ်လို့လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆိုပါတယ်။

“ ဧည့်သည်မရှိဘဲ ဒီတိုင်းဖွင့်ထားတော့ အလုပ်သမားခတွေ၊ ရေခ၊ မီးခတွေရော တစ်ခြားစရိတ်တွေ တက်နေမှာပေါ့။ ဧည့်သည်ရှိမှ တွက်ချေကိုက်မယ်။ ဧည့်သည်ရှိလည်း တစ်ယောက် နှစ်ယောက်နဲ့တော့ ဘယ်လိုမှတွက်ခြေကိုက်စရာမရှိဘူး။ အခန်းငှားရမ်းမှု ရာခိုင်နှုန်းအနေနဲ့ အရင်းကျေဖို့ဆိုတာ (၄၀) ရာခိုင်နှုန်းလောက် ဧည့်သည်ရှိမှ အရင်းကျေမယ့် အနေအထားရှိမှာပေါ့။ အခန်းဌားရမ်းရမှု ဘာမှမရှိဘဲဆက်ဖွင့်နေမယ်ဆိုရင်တော့ စရိတ်တွေ တအားထောင်းပြီး တွက်ခြေမကိုက်တော့လို့ ပိတ်သွားတာပါ” လို့ ဦးအောင်အေးဟန်က ဆိုပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ အစောပိုင်းကာလတွေမှာ ဟိုတယ်လုပ်ငန်းတွေ ဆက်ပြီးရပ်တည်နိုင်အောင်၊ ဝန်ထမ်းလစာတွေ ပေးနိုင်အောင် အတိုး(၁)ရာခိုင်နှုန်းနဲ့ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ခွင့်ပြုခဲ့ပြီး စည်းမျဉ်းစည်းကမ်းကိုက်ညီတဲ့ ဟိုတယ်တွေကို ငွေထုတ်ချေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဟိုတယ်လိုင်စင်ကြေးတွေကိုလည်းတစ်နှစ်စာကင်းလွတ်ခွင့်ပြုခဲ့ပြီး နိုင်ငံပိုင်ဟိုတယ်တွေဆိုရင်လည်း (၉)လအထိ ငှားရမ်းခကင်းလွတ်ခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဟိုတယ်လုပ်ငန်းတွေ၊ ကိုဗစ်နဲ့ အတူယှဉ်တွဲပြီး ပြန်လည်လည်ပတ်နိုင်အောင် ကိုဗစ်ကာလအတွင်းကျန်းမာရေးအရ ဘေးကင်းလုံခြုံတဲ့ခရီးသွားလုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ အမျိုးသားအဆင့် လမ်းညွှန်ချက်တွေလည်း ရေးဆွဲထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်မယ်ဆိုပါက ခရီးသွားလုပ်ငန်းတွေ ပြန်ပြီး အသက်ဝင်လာနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း ဦးအောင်အေးဟန်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်ဖွင့်ပြီဆိုပါက ကွာရန်တင်းလက်ခံနိုင်တဲ့ ဟိုတယ်တွေအဖြစ် လုပ်ကိုင်လိုတဲ့ ဟိုတယ်တွေကို စာရင်းကောက်ယူနေပြီး အထူးသဖြင့် ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဟိုတယ်တွေကို စာရင်းကောက်ယူနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ နေပြည်တော်က ဟိုတယ် (၃) လုံး၊ မန္တလေးက (၃၉) လုံးနဲ့ ရန်ကုန်က ဟိုတယ်အလုံး (၅၀) ကျာ်က ကွာရန်တင်း ဟိုတယ်တွေ အဖြစ် ဖွင့်လှစ်လုပ်ကိုင်လိုတဲ့ ဟိုတယ်တွေ အဖြစ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီဟိုတယ်တွေကို ကျန်းမာရေးအရ ဘေးကင်းလုံခြုံမှု ရှိ၊မရှိ စစ်ဆေးပြီးဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က