'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ကိုဗစ်ရှိမရှိ သိရှိဖို့အတွက် ဓာတ်ခွဲနမူနာ(၂၆၉,၈၉၅)ယောက်ကို ကိုဗစ်ရောဂါပိုးစစ်ဆေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၂ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့တစ်ရက်ထဲကို ကိုဗစ်အတည်ပြုလူနာသစ် ၁၄၆ ဦးထပ်တိုးတွေ့ရှိခဲ့ရတယ်လို့ 'ဝ' ပြည်နယ်ကျန်းမာရေးဌာန ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


မနေ့ကထပ်တိုးတွေ့ရှိခဲ့တဲ့ကိုဗစ်လူနာသစ်တွေထဲမှာ မိုင်းပေါက်ခရိုင်ထဲရှိ မိုင်းပေါက်မြို့က ၁၃၂ ဦးနဲ့ မိုင်းဖျန်မြို့က ၁၃ ဦးပါဝင်တယ်လို့ သိရပါတယ်။ "မိုင်းပေါက်နဲ့ မိုင်းဖျန်မြို့နယ်တွေမှာ လူနာထပ်တိုးလာတာပါ၊ခရီးသွားရာဇဝင်ရှိသူတွေတော့ မဟုတ်ဘူး၊ တရုတ်နယ်စပ်မှာ ပိုးတွေ့လူနာတစ်ဦး 'ဝ' နယ်ထဲ ဖြတ်ဖူးတယ်လို့ သိရလို့ နောက်ကြောင်းပြန်လိုက်ရာကနေ ပိုးတွေ့လူနာတွေ တွေ့လာတာပါ ။ ခရီးသွားရာဇဝင်ရှိသူတွေတော့ မဟုတ်ဘူး"လို့ 'ဝ 'ဒေသ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ဒါကြောင့် ဝ' ပြည်နယ်မှာဆိုရင် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၉၉ ဦးအထိ ရှိနေပြီဖြစ်ကြောင်း၊အဲ့ဒီထဲမှာ ၄၅ ဦးကတော့ ဆေးရုံ ကနေဆင်းခွင့်ရရှိထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကပန်ခမ်းမြို့ကို Lockdown ပြုလုပ်ထားပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားတယ်လို့လည်းသိရပါတယ်။ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ကိုဗစ်ရှိမရှိ သိရှိဖို့အတွက် ဓာတ်ခွဲနမူနာ(၂၆၉,၈၉၅)ယောက်ကို ကိုဗစ်ရောဂါပိုးစစ်ဆေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ 


ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ 'ဝ' ဒေသအတွင်း ကိုဗစ်အတည်ပြုလူနာကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ပန်ခမ်းမြို့၊ မိုင်းပေါက်မြို့၊ မိုင်းလင်းမြို့၊ မိုင်းဖျန်မြို့၊ မိုင်းမောမြို့၊ နမ့်တစ်မြို့ စတဲ့မြို့များအတွင်း နှာခေါင်းစည်းစနစ်တကျသေချာစွာတပ်ဆင်ပြီးသွားလာဖို့၊ ကျောင်းတွေအားလုံးကို ဒီဇင်ဘာလ ၂၀ရက်နေ့မှစပြီးပိတ်ထားဖို့၊ KTVများကို ရေရှည်ပိတ်သိမ်းရန် ၊မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ပွဲလမ်းသဘင်များနှင့် ဘာသာရေးပွဲ စသည့်ပွဲတော်ကြီးများ ပြုလုပ်ခွင့်မပြုကြောင်း၊အပါအဝင် စတဲ့ သတိပေးချက်တွေကို အသိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။ 


အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။



က္က