ဂျော်ဒန်နိုင်ငံမှ ပြန်လာသူမှာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်တွေ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဂျော်ဒန်နိုင်ငံကပြန်လာသူတွေမှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ပိုးက ယူကေက ကူးစက်မြန်ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ယူကေ ဗီဇပြောင်းပိုး တောင်အာဖရိက ဗီဇပြောင်းပိုး မတွေ့ရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံက ပြန်လာသူမှာ ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးတွေ့ရတယ်လို့ ဒီကနေ့ ဇန်နဝါရီလ (၁၈) ရက်နေ့လယ်ပိုင်းလောက်က လူမှုကွန်ရက်မှာသတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အခုလို သတိပေးပြောကြားလိုက်တာပါ။



“ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ UK ဗီဇပြောင်းပိုး တောင်အာဖရိကဗီဇပြောင်းပိုး မတွေ့ရှိသေးပါ။ ပြည်ပကပြန်လာသူများတွင် ဂျော်ဒန်တွင်ဖြစ်ပွားပျံ့နှံ့နေသောပိုးတွေ့ရတာမဟုတ်ပါ။ ဂျော်ဒန်က ပြန်လာသူများတွင်သာ တွေ့ရခြင်းဖြစ်ပါသည်။ ပေါက်ကရ မဖြန့်ကြပါနှင့်။ အဓိပ္ပါယ်ခြင်း တခြားစီဖြစ်ပါကြောင်း” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ဆေးသုတေသနဦးစီးဌာနအနေနဲ့ ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်ဆေးချက်အရ ဂျော်ဒန်မှပြန်လာပြီးပိုးတွေ့သူ (၆၃) ဦးအနက်မှ ပိုးအကောင်ရေများသူ (၆) ဦး၊ ရန်ကုန်တိုင်းမှ (၃)ဦး ပဲခူးတိုင်းမှ (၂) ဦး စုစုပေါင်း (၁၁) ဦးတို့ကို ပိုးမျိုးရိုးဗီဇစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်ဆေးချက်အရ ဂျော်ဒန်က ပြန်လာသူတွေမှာ ပိုးရဲ့ မျိုးရိုးဗီဇသည် GR strain ဖြစ်ပြီး မျိုးနွယ်အရ B 1.1.312 Clade 20B ဖြစ်ကြောင်း၊ အဆိုပါမျိုးဗီဇက အဆိုပါနိုင်ငံတွေမှာ နဂိုရှိရင်းစွဲမျိုးဗီဇဖြစ်တယ်လို့လည်း ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ SAR Cov-2 က မျိုးရိုးဗီဇပြောင်းလဲမှုတွေ ရှိနေနိုင်ပြီး ပိုပြီးကူးစက်မှုမြန်တဲ့ အကောင်တွေ ဖြစ်လာနိုင်သလို ရောဂါဖြစ်တဲ့လူကို ပိုပြီးဆိုးရွားလာနိုင်အောင်လုပ်နိုင်တဲ့ အခြေအနေ တစ်နည်းအားဖြင့် လူ့ခန္ဓာကိုယ်အင်္ဂါတွေကို ဆိုးဆိုးရွားရွားဖျက်ဆီးတာ၊ လူတွေ သေတဲ့နှုန်းတွေ ပိုတက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့လည်း မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာမြတ်ထွဋ်ညွန့်က ဆိုပါတယ်။

“ ဒီဗိုင်းရပ်စ်တွေ ဘယ်လိုပြောင်းလဲနေသလဲဆိုတဲ့ စောင့်ကြည့်စမ်းသပ်မှုတွေက တောက်လျှောက်လုပ်နေရမှာပဲ။ လုပ်လည်းလုပ်နေပါတယ်။ ဂျော်ဒန်က ပြန်လာသူတွေကို စစ်ဆေးနေတယ်။ တွေ့တာနဲ့သတင်းထုတ်ပြန်မှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ သတင်းတွေ့ရင် မြန်မြန်တုံ့ပြန်တယ်။ထိန်ချန်မထားဘူး။ထုတ်ပြန်တဲ့သတင်းက မှန်ကန်သေချာမှ ထုတ်တယ်။ ပြီးတော့ အများပြည်သူ ဘာဆက်လုပ်ရမလဲ။ အထိတ်တလန့်ဖြစ်ပြီး ဘာမှ လုပ်လို့မရတဲ့သတင်းမျိုးလည်းမဖြစ်စေရဘူး။ လူတွေ ဘာဆက်လုပ်ရမလဲ။ ဘာဖြစ်နိုင်လဲဆိုပြီးတော့ အဲဒီလိုမျိုး ထုတ်ပြန်တာပါ” လို့လည်း ပြောပါတယ်။

နိုင်ငံအများအပြားမှာ ဗီဇပြောင်း COVID-19 ပိုးအသစ် တွေ့ရှိလာတာကြောင့် မျိုးဗီဇနွယ် စစ်ဆေးခြင်းနဲ့ မျိုးဗီဇဆင်တူမှု စစ်ဆေးခြင်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆေးသုတေသနဦးစီးဌာနရဲ့ပြောကြားချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က