အနီးဆုံးနှစ်တွေထက်တော့ အပူချိန်ကျဆင်းတယ်လို့ သိရပါတယ်။
Htar Htar Wai

မြန်မာနိုင်ငံရဲ့ယခုနှစ် ဆောင်းကာလက လာနီညာရာသီဥတုသက်ရောက်မှုရှိနေပေမယ့်လည်း အပူချိန်သိသိသာသာကျဆင်းတာမျိုးမရှိဘူးလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

၁၉၈၀ ကနေ၂၀၁၀အတွင်း နှစ်၃၀ ပျှမ်းမျှအပူချိန်နဲ့ ချိန်ညှိရင်တော့ ယခုနှစ်ဆောင်းကာလက သိသိသာသာအပူချိန်ကျဆင်းတာမရှိပေမယ့် ၂၀၂၀နဲ့ အနီးစပ်ဆုံးနှစ်တွေထက်တော့ အပူချိန်ကျဆင်းတယ်လို့သိရပါတယ်။



"လာနီညာသက်ရောက်မှုက တစ်ချို့ရက်တွေမှာရှိသလို တစ်ချို့ရက်တွေမှာမရှိဘူး။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကလည်း ထုတ်ပြန်ချက်ထုတ်ထားတယ်။ ဒီအယ်နီညို၊လာနီညာတွေက အရင်ကတော့ ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်စေတဲ့အခြေခံအချက်တွေအဖြစ်ရှိပြီး သူ့သက်ရောက်မှုရှိတယ်။ နောက်ပိုင်းတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒီရာသီဥတုကို သိသိသာသာပြောင်းလဲနိုင်ခြင်းမရှိတော့ဘူးဆိုပြီး ထုတ်ထားတယ်။ဒီနှစ်က ပြီးခဲ့တဲ့ အနီးစပ်ဆုံးနှစ်တွေထက်စာရင်တော့ အနည်းငယ်အေးတော့ လာနီညာ သက်ရောက်မှု ရှိတယ်ပြောရမယ်။ ၁၉၈၀-၂၀၁၀ နှစ်၃၀ပျှမ်းမျှအပူချိန်နဲ့ ယှဉ်ရင်တော့ အနည်းငယ်ပူတဲ့ အနေအထား ရှိတယ်။အနီးဆုံးနှစ်တွေထက်တော့ အနည်းအေးတော့ လာနီညာသက်ရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ် " လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

လာနီညာရာသီဥတုက အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်တဲ့အတွက် မြန်မာနိုင်ငံက ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာဆက်စပ်မှုကြောင့် အားအသင့်အတင့်လာနီညာဖြစ်စဉ် သက်ရောက်မှုရှိတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမယ့်လည်း ယခုနှစ်မှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကတော့ ဇန်နဝါရီမှာ ပုံမှန်ထက် အပူချိန်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

"လာနီညာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာနဲ့က အဆက်အစပ်ရှိနေတော့ ဒါတွေဖြစ်တယ်ဆို ကျွန်တော်တို့ဘက်မှာ သက်ရောက်တဲ့နှစ်ရှိသလို မသက်ရောက်တဲ့နှစ်တွေလည်းရှိတယ်။ အားအသင့် အတင့်ရှိတဲ့ လာနီညာဖြစ်လို့ ဒီဆောင်းကာလမှာတော့ ပုံမှန်အပူချိန်၊ ၁၉၈၀ကနေ ၂၀၁၀အထိ ရှိခဲ့တဲ့ ပုံမှန်အပူချိန်လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၊ ဒီဇင်ဘာလတွေမှာတော့ ပုံမှန်အပူချိန် လောက်ရှိခဲ့တယ်။ဇန်နဝါရီမှာတော့ ပုံမှန်အပူချိန်ထက်ကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေ မှာ အနည်းငယ်ပူခဲ့တဲ့ အနေအထားရှိတယ် " လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

လာနီညာဖြစ်စဉ်က အိန္ဒိယသမုဒ္ဒရာနဲ့ဆက်စပ်မှုရှိတဲ့ အာရှကုန်းတွင်းပိုင်းဒေသတွေမှာသက်ရောက်မှုနည်းပေမယ့် ဥရောပနဲ့မြောက်အမေရိကမှာတော့ လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် ယခင်နှစ်တွေထက်ပိုမိုပြင်းထန်တဲ့အပူချိန်ကျဆင်းမှုတွေဖြစ်ပေါ်နေပြီး စီးနှင်းထူထပ်စွာကျဆင်းတာ၊ ရေခဲမှတ်အောက်အေးခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းနိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က