ကျပ်ငွေ (၄.၆၉၆) ဘီလီယံ အကုန်အကျခံပြီး သုတေသနစွမ်းဆောင်ရည်‌ လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန ဆောက်လုပ်နေပါတယ်။
Mi Thawdar Aung

ကျန်းမာရေးသုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရက ကျပ်သန်းပေါင်း (၉,၀၀၀) ကျော်ခွဲဝေချထားပေးခဲ့ပြီး အဲဒီလို ဘဏ္ဍာငွေချထားပေးမှုမှာ ကျန်းမာရေးဝန်ကြီးဌာန စတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ(၁၈) ရက်က ပြုလုပ်တဲ့ (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတော် အစိုးရမှ ကျပ်ငွေ (၄.၆၉၆) ဘီလီယံအကုန်အကျခံပြီး သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဆောက်အဦအသစ်ကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) မှာဆောက်လုပ်နေတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။



အဆိုပါ အဆောက်အဦအသစ်ကို အခုနှစ် စက်တင်ဘာလမှာ စတင်သုံးနိုင်မှာဖြစ်ပြီး (၂၀၂၂) ခုနှစ် စက်တင်ဘာလမှာ ဆောက်လုပ်မှုလုပ်ငန်းအားလုံးပြီးစီးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးသုတေသနကဏ္ဍပိုမိုတိုးတက်စေဖို့နဲ့ နိုင်ငံရဲ့ကျန်းမာရေးစနစ်ပိုမိုတိုးတက်လာစေဖို့ အခု ဘဏ္ဍာရေးနှစ်က စတင်ပြီး နိုင်ငံတကာ သုတေသနဌာနတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းကာ သုတေသနလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်စေလိုတယ်လို့လည်းဝန်ကြီးကဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှု၊ ဆေး၊ ဆေးပစ္စည်းနှင့်စက်ပစ္စည်းကိရိယာတွေ ဝယ်ယူဖြန့်ဖြူးထောက်ပံ့မှုဆိုင်ရာတို့အတွက် သုတေသနတွေ ပိုမိုဆောင်ရွက်စေလိုပြီး သုတေသနနည်းစနစ် ကျန်းမာရေးစာရင်းအင်းပညာ ၊ သုတေသနကျင့်ဝတ် ၊ တာဝန်ယူမှုရှိစွာသုတေသနဆောင်ရွက်မှု ၊ ကိုယ်ခန္ဓာခုခံအားနှင့် ကာကွယ်ဆေးဗေဒ ဘာသာရပ်တွေ အတွက် မဟာဘွဲ့သင်တန်းတွေ ဖွင့်လှစ်စေလိုကြောင်း၊ ဝန်ကြီးဌာနရဲ့ တက္ကသိုလ် (၁၆) ခုနဲ့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၃) ခုတို့ရဲ့ စာသင်နှစ်တွေမှာ သုတေသနဆိုင်ရာ သင်ခန်းစာတွေ ပိုမိုထည့်သွင်းစေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောပါတယ်။

ကျန်းမာရေးကဏ္ဍအတွက် အရေးကြီးတဲ့ COVID-19၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုတို့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု၊ မကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ နေထိုင်မှုပုံစုံများ၊ တိရစ္ဆာန်တွေက တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ စတဲ့ အကြောင်းအရာတွေကိုလည်း သုတေသနပိုမို လုပ်ဆောင်စေလိုပြီး အဆိုပါ သုတေသနကို အခြေခံကာ အားနည်းချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားကြရမယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က