ပေးဖို့ကျန်ရှိနေတဲ့လုပ်ခလစာနဲ့ တခြားရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ပန်းဘဲတန်းမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ယခင်မီးရထားဝင်းနေရာမှာ ဆောက်လုပ်ရေး လုပ်ကိုင်နေတဲ့ ပရောဂျက်က အလုပ်သမားတွေ ရာနဲ့ချီပြီး ဆန္ဒဖော်ထုတ်မှု ဒီနေ့ ဇန်နဝါရီ ၁၉ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ခလစာရရှိဖို့ ကျန်ရှိနေတာနဲ့ အခြားအလုပ်သမားရပိုင်ခွင့် အခွင့်အရေးတွေအတွက် ဒီနေ့မှာ ရာနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စရပ်တွေကို ဇန်နဝါရီ ၂၆ရက်မှာ ဖြေရှင်းပေးမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။



" လုပ်ခလစာပေးတဲ့ရက်နဲ့ပတ်သက်ပြီးတော့ အခုထိမရသေးတဲ့ရက်တွေအတွက် ၂၆ရက်နေ့မှာ တခြားရပိုင်ခွင့်များနဲ့အတူ အားလုံးပေးမယ်လို့ ကုမ္ပဏီလူကြီးများဆုံးဖြတ်ချက်ချတာကို ကျွန်တော့်အနေနဲ့ အကြောင်းကြားခြင်းဖြစ်ပါတယ်။ကျန်ရှိတဲ့လုပ်ခလစာများကို အရင်အတိုင်းတွက်ချက်ပြီးတော့ ၂၆ရက်နေ့မှာ ဝန်ထမ်းများ ၊အလုပ်သမားများ ရပိုင်ခွင့်များနဲ့အတူ ပေးမယ်လို့ ဆုံးဖြတ်ပါတယ် " လို့ BYMAကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Salai Vum Za Piang က ပြောပါတယ်။

အလုပ်သမားထုက သူတို့ရဲ့ လုပ်ခလစာနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာ ဒီတစ်ကြိမ်က တတိယအကြိမ်ဖြစ်ကာ ယခင်ရက်ပိုင်းကမှ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

" ပထမ ၁၂ရက်နေ့တုန်းက တစ်ခါပြတယ်။၁၉ရက်နေ့ကျရင်ပေးမယ်လို့ ပြောတယ်။ကျွန်တော်တို့မှာ ၂ပတ်စာလား ၃ပတ်စာလားမသိလိုက်ဘူး။ပြီးလည်းပြီးရော တစ်ပတ်စာပဲရှင်းတယ်။ တစ်ပတ်စာဆိုတာတောင် ၅ရက်စာပဲရှင်းတယ်။ကျွန်တော်တို့မှာလည်း ကျွန်တော်တို့အခက်အခဲနဲ့ ကျွန်တော်တို့ရှိတယ် " လို့ ဆန္ဒဖော်ထုတ်သူ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုစိုင်းရဲလင်းကျော်က ပြောပါတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က Yoma Central Development Landmark Project ကို လုပ်ကိုင်နေတဲ့ BYMA ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အလုပ်သမားတွေက လုပ်ခလစာရှင်းဖို့ကျန်ရှိနေတာ ၊ လူမှုဖူလုံရေးကြေး ၊ PPE ကြေး ရှစ်သောင်းပေးထားရတာတွေအပါအဝင် အခြားရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေရှိနေတာပါ။

ဒီဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး အလုပ်သမားတွေကို ကုမ္ပဏီတာဝန်ရှိသူတွေအပြင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ လာရောက်ညှိနှိုင်းပေးခဲ့ကြပြီး ၂၆ရက်နေ့မှာ ကုမ္ပဏီဘက်က ဖြေရှင်းပေးမယ်ဆိုတာကြောင့် ညနေ ငါးနာရီဝန်းကျင်မှာ ဆန္ဒပြမှု ပြီးဆုံးခဲ့ပါတယ်။



က္က