လာမယ့်နှစ်များအတွင်း အမေရိကန်နဲ့ မြန်မာနိုင်ငံမှ ပြည်သူတွေအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတွေတည်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။
Mi Thawdar Aung

နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့်ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံအစိုးရ၊ ပြည်သူတွေနဲ့ အတူလက်တွဲဆောင်ရွက်ဖို့ အမေရိကန်က ကတိကဝတ်ချမှတ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါကို ဇန်နဝါရီလ (၁၉) ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့တဲ့ အခမ်းအနားမှာ သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးနဲ့ အမေရိကန်သံရုံးတို့က သတင်းထုတ်ပြန်ထားပါတယ်။



“ မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်းက အကြီးအကျယ်ပြောင်းလဲခဲ့ပြီးပါပြီ။ ဒါပေမယ့် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် အတူတကွ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကတော့ မပြောင်းဘဲ ဆက်လက်ပြီး ရှိနေပါတယ်” လို့လည်း အမေရိကန်သံအမတ်ကြီးက ဆိုပါတယ်။

Photo- Myanmar President Office

လာမယ့်ရှေ့နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကပြည်သူတွေအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ အတွက်လည်း မျှော်လင့်နေတယ်လို့လည်း သံအမတ်က ဆက်လက်ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အသစ်ဖြစ်တဲ့ သံအမတ်ကြီး ဗိုက်ဒါဟာ သူ့ရဲ့ နေပြည်တော်ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေးပိုမိုအားကောင်းစေရေးအတွက် မြန်မာအစိုးရရဲ့ အခြားသော အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သံအမတ်ကြီး ဗိုက်ဒါဟာ အရင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ သံရုံးဒုတိယအကြီးအကဲအဖြစ် (၂၀၀၈) ခုနှစ်ကနေ (၂၀၁၁) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

သံအမတ်ကြီးနဲ့ အတူ ဇနီးဖြစ်သူ အေမီဆေဘေ့စ်နဲ့ သမီးနှစ်ဦးအနက် တစ်ဦးဖြစ်သူလည်း မြန်မာနိုင်ငံကို အတူလိုက်ပါလာခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီးဗိုက်ဒါ မတိုင်မီ သံအမတ်ကြီးစကော့မာစီရယ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လေးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။


Author


က္က