မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ်ကို ဆက်သွယ်လာတဲ့ စာရင်းတွေအရ အမှု (၆)မှုခန့်က တရားရုံးကို မရောက်ဘဲ ရဲစခန်းတွေမှာပဲ ဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

ရွေးကောက်ပွဲမှာ မဲရုံမှူးတာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဆရာ/ဆရာမတွေ တရားစွဲဆိုခံရမှုမှာ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနအနေနဲ့ လုံးဝကူညီဖြေရှင်းပေးခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆရာ/ဆရာများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

တရားစွဲဆိုခံရတဲ့ ဆရာ၊ဆရာမတွေကို အကူအညီပေးဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားခဲ့ပေမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့ အခုချိန်ထိ ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ပြောပါတယ်။ “ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ညွှန်ကြားထားတယ်ပြောတယ်။ ပညာရေးဝန်ကြီးဌာနက ဦးဇော်ဌေးပြောတာကို မကြားတာလား မသိတာလား။ အလုပ်မလုပ်ချင်တာလားတော့ မသိဘူး။ ဒါမှမဟုတ်ရင် ကူညီစရာမလိုဘူးလို့ သတ်မှတ်လို့လားမသိဘူး။ ပညာရေးဝန်ကြီးဌာနက အဲဒီဆရာမတွေကို လုံးဝမဆက်သွယ်ဘူး” လို့ ဦးဇော်မျိုးလှိုင်က ဆိုပါတယ်။



(၂၀၂၀) ရွေးကောက်ပွဲအပြီးမှာ မဲရုံမှူးဆရာ/ဆရာမတွေကို ပြည်ခိုင်ဖြိုးပါတီဘက်က တရားစွဲဆိုမှုတွေ ရှိလာပြီး လက်ရှိတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဆရာမ (၃) ဦးရှိတယ်လို့ မြန်မာနိုင်ငံဆရာ/ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ဆက်ပြောပါတယ်။ အမှုရင်ဆိုင်ရတဲ့ ဆရာမ (၃) ဦးမှာ ညောင်ဦး၊ ပျော်ဘွယ်နဲ့ ချောင်းသာမြို့နယ်တို့က ဖြစ်ပြီး ညောင်ဦးမြို့က အမှုရင်ဆိုင်ရတဲ့ ဆရာမကို သက်ဆိုင်ရာ ပညာရေးမှူးရုံးက အကူအညီမပေးတဲ့အပြင် ဆရာ/ဆရာမများ သမဂ္ဂနဲ့ ဆက်သွယ်နေတာကို မကြိုက်ကြောင်း ပြောဆိုခဲ့တာရှိခဲ့တယ်လို့လည်း ဦးဇော်မျိုးလှိုင်က ဆိုပါတယ်။

“ ညောင်ဦးက ဆရာမကို ပညာရေးမှူးရုံးက ဆရာများသမဂ္ဂတွေနဲ့ ဆက်သွယ်တာ မကြိုက်ဘူးပြောတော့ ဆရာမတွေက ကြောက်လန့်ပြီးတော့ ဆရာတို့ သမဂ္ဂတွေနဲ့ ဆက်သွယ်တာဖြတ်သွားတယ်။ ပျော်ဘွယ်က ဆရာမကတော့ ဆရာတို့ကို ဆက်သွယ်တယ်။ အခု ရုံးချိန်း (၅) ချိန်းပြီးသွားပြီ။ နောက်တစ်ခုက ချောင်းသာက အမှု ဆရာမကို ခံဝန် အာမခံနဲ့ တရားစွဲခံရတယ်။ ရုံးချိန်းတွေ လာတော့မှာပေါ့နော်။ အခုရုံးချိန်းသွားနေရတဲ့ အမှုတွေတောင် မဆက်သွယ်တာ။ အမှုအသစ်ဆိုရင်တော့ ပိုဝေးသွားပြီပေါ့ “ လို့ ဦးဇော်မျိုးလှိုင်ကပြောပါတယ်။

ပျော်ဘွယ်မြို့နယ်ဆရာမ တရားစွဲခံရတဲ့အမှုကတော့ ကြိုတင်မဲပေးခဲ့တဲ့ကာလအတွင်း မဲရုံတာဝန်ကျဆရာမနဲ့ သူ့ရဲ့အမျိုးသားက ကြိုတင်မဲလိုက်လံကောက်ခံတဲ့ လမ်းတစ်လျှောက်မှာ ရှေ့ကနေ မဲဆွယ်စည်းရုံးပါတယ်လို့ ပြောဆိုပြီး ပြည်ခိုင်ဖြိုးပါတီဘက်က စွပ်စွဲ တရားစွဲဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ချောင်းသာမြို့နယ်က တရားစွဲဆိုခံရတဲ့ မဲရုံတာဝန်ကျဆရာမဒေါ်ခင်မျိုးမျိုး ဖြစ်စဉ်ကတော့ မဲစာရင်းမှာ အမည်မပါတဲ့သူကို အယောင်ဆောင်မဲပေးခွင့်ပြုလိုက်တယ်ဆိုတဲ့ အမှုတွဲမှာ ပါဝင်သွားခဲ့တာလို့ သိရကြောင်း ဆရာများသမဂ္ဂအဖွဲ့ချုပ်က ဆိုပါတယ်။ (၂၀၂၀) ရွေးကောက်ပွဲဖြစ်စဉ်အပြီးမှာ မဲရုံတာဝန်ကျ ဆရာ/ဆရာမအချို့ တရားစွဲခံရပြီး မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ်ကို ဆက်သွယ်လာတဲ့ စာရင်းတွေအရ အမှု (၆)မှုခန့်က တရားရုံးကို မရောက်ဘဲ ရဲစခန်းတွေမှာပဲ ဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က