နေ့စဉ် မနက် ၅ နာရီကစပြီး မနက် ၉ နာရီခွဲ အထိသာဖွင့်လှစ်ပေးသွားမှာပါ။
Ei Ei Mar

အင်းယားကန်ဘောင်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပန်းခြံနဲ့ကစားကွင်းတွေအကုန်လုံးကို လူစုလူဝေးမဖြစ်ပေါ်ဖို့အတွက်ပိတ်ထားရာကနေ ဇန်နဝါရီ ၂၁ ရက်ကနေစပြီး အချိန်ပိုင်းနဲ့ပြည်ဖွင့်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ပန်းခြံနဲ့ ကစားကွင်းများကို ပြန်လည်ဖွင့်ပေးရာမှာ Covid-19 ရောဂါ ကူးစက်မှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေး၊ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်ဖို့ အတွက်ပဲ ရည်ရွယ်ပြီး နေ့စဉ် မနက် ၅ နာရီကစပြီး မနက် ၉ နာရီခွဲ အထိသာဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။



"ပန်းခြံနဲ့ကစားကွင်းတွေအကုန်လုံးကို မနက်ဖြန် ၂၁ ရက်နေ့မှာအချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးသွားမှာပါ။ ဖွင့်ပေးပေမဲ့လို့လည်း သတ်မှတ်စည်းကမ်းချက် ၁၀ ချက်ကိုထုတ်ပေးထားပါတယ် ။ အဓိကအရေးကြီးတာကတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကိုပါ နှာခေါင်းစည်းတပ်မယ် တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေမယ် လက်ဆေးမယ် အဲ့လိုမျိုးစည်းကမ်းချက်တွေပါ အချိန်ပိုင်းနဲ့ဖွင့်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူတွေအကုန်လုံးက ပန်းခြံနဲ့ကစားကွင်းတွေအကုန်လုံးပိတ်ထားတဲ့အတွက် စိတ်အပန်းပြေစရာမရှိဘူး ဒါ့ကြောင့်စိတ်အပန်းပြေအောင်အချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးရတာပါ"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဥ်နှင့်ကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အချိန်ပိုင်းနဲ့ဖွင့်ရင်လည်း ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အများပြည်သူစုဝေးအပန်းဖြေအနားယူကြတဲ့ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ပေါင်၊ ပန်းခြံတွေနဲ့ကစားကွင်းအကုန်လုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့အညီ အများပြည်သူအပန်းဖြေနေရာတွေ ပန်းခြံတွေမှာထားရှိရမဲ့ Covid-19 ရောဂါကာကွယ်ရေးသတိပြုလိုက်နာရန် အချက်တွေဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ထားခြင်းမရှိသူတွေကို ပန်းခြံအတွင်းသို့ လုံးဝ(လုံးဝ)ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ အများပြည်သူနေရာများ၊ပန်းခြံများမှာ ရှိနေချိန် တစ်လျှောက်လုံး ပါးစပ်၊နှာခေါင်းစည်း(Mask)ကိုအမြဲတပ်ထားရမယ်လို့ သိရပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပန်းခြံတွေ ကစားကွင်းတွေအကုန်လုံးကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၁ ရက်အထိ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ လူစုလူဝေးမဖြစ်ပေါ်စေဖို့အတွက် စတင်ပိတ်ထားခဲ့ပြီး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့အထိနောက်ထပ် ထက်မံပိတ်ရက်တိုးမြှင့်ခဲ့ပါတယ်။ဒီနောက် ဇန်နဝါရီ ၁၀ ရက်အထိ ရက်ထပ်မံတိုးမြှင့်ခဲ့သလို နောက်ထက်လည်း ၂၀ ရက်နေ့အထိ ပန်းခြံနဲ့ကစားကွင်းတွေအကုန်လုံးကို ပိတ်မယ်လို့ ထပ်မံကြော်ညာပြီးတဲ့နောက်မှာတော့ အခုလို ဇန်နဝါရီ ၂၁ ရက်ကစပြီးအချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးသွားတော့မှာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က