ပဲခူးတိုင်းအတွင်း ကိုဗစ်ကူးစက်မှုများပြားတဲ့ တတိယမြောက်အကျဥ်းထောင် ဖြစ်ပါတယ်။

ပြည်မြို့အကျဉ်းထောင်က အကျဉ်းသား ၁၈ ဦးနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦမှာ Covid 19 ရောဂါပိုး ရှိကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့စစ်ဆေးမှုတွေအရ ပြည်အကျဉ်းထောင်က ၉၄ ဦးကို RDT ဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ အဲ့ဒီထဲကမှ ၁၉ဦးတွင် ကိုဗစ်ပိုးရှိကြောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။



"အဲဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိပါဘူးလို့ပြောချင်ပါတယ်။ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင်လို့ ပိုးတွေ့တာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအဆင့်မှာလည်း အကုန်လုံးညှိနိူင်းပြီးတော့ အဆင့်ဆင့်ကိုတင်ပြပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်ဆိုတဲ့ Information လေးပဲပေးပေးပါ"လို့တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

ကိုဗစ် ပိုးတွေ့လူနာ ၁၉ ဦးထဲကမှ အကျဉ်းထောင် ဝန်ထမ်းတစ်ဦးကိုသာ  ဒီနေ့ ညနေပိုင်းက  ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးကိုပို့ဆောင်ခဲ့ပြီး ၊ ကျန်ရှိ ပိုးတွေအကျဉ်းသားတွေကိုတော့ အကျဉ်းထောင်ထဲမှာပဲ သီးခြားထားရှိကုသမှုပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ပိုးတွေ့ လူနာကို ဆေးရုံကြီးဆီပို့ဆောင်ပေးခဲ့တဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမိုးကြီးက "ကျွန်တော််တို့က တစ်ယောက်ကိုပဲ ခေါ်ပြီးပို့ရတယ်။ ကျန်တာကို အဲဒီမှာပဲထားမယ်လို့ TMO ကပြောတယ်။ တစ်ယောက်ပဲခေါ်ပြီး ပို့ပေးပါလို့ ပြောတယ်။ ကျန်တာကို ထားခဲ့လိုက်မယ်၊ အကုန်လုံး ဆေးရုံမဆန့်ဘူးဆိုပြီးပြောတယ်။ ကျွန်တော််တို့ကဆေးရုံအုပ်တို့၊မြို့နယ်ထွေအုပ်၊ကျန်းမာရေးဌာနကစီမံတဲ့ကိစ္စ ညွှန်ကြားတာကို ဘယ်ကိုပို့ပေးပါ ခေါ်ပေးပါဆိုပို့ပေးတာပါပဲ။ "လို့ ပြောပါတယ် ။

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြည်အကျဉ်းထောင်က  အချုပ်သား ၂ ဦး နေမကောင်းသဖြင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းကို သိရှိခဲ့ရာကနေ အကျဉ်းထောင်တွင်း ထိစပ်သူတွေကို RDT နဲ့ ထပ်မံစစ်ဆေးမှုအရ ပိုးတွေ့လူနာ ၁၉ ဦးကိုတွေ့ရှိရတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်အကျေဉ်းထောင်ကိုတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ထဲက အသွားအလာကန့်သတ်ထားလိုက်ပြီး၊ထောင်ဝင်စာတွေ့ခွင့်ကိုတော့ ပိတ်ထားတာကြာပြီဖြစ်ပါတယ်။

လတ်တလော ပြည်မြို့မှာတော့ အနံမရလို့ ဆေးရုံကိုလာရောက်ပြသရာမှ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရတဲ့ ဖြစ်ရပ်တွေရှိနေပြီး ထိစပ်သူများနေလို့ လူ ၃၀ ဆန့် ကွာရန်တင်းဆောင်တစ်ခုကိုလည်း ထပ်မံတိုးချဲ့ထားရတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်း အကျဥ်းထောင်များမှာ ကိုဗစ်ကူးစက်မှုဖြစ်ပွားမှုများရှိခဲ့ကာ အောက်တိုဘာလအတွင်းက သာယာဝတီထောင်မှာ ၁၇၀ ကျော် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပဲခူးအကျဥ်းထောင်မှာလည်း ယခုလအစောပိုင်းအတွင်း အကျဥ်းသား ၅၆ ဦး ကိုဗစ်ပိုးတွေ့ရှိတဲ့အတွက် အကျဥ်းသား ၁၆၀ ကျော် ထောင်ပြောင်းရွှေ့ရမှုများ ရှိခဲ့ပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က