စည်းကမ်းလိုက်နာရင်၊ ပိုးကူးစက်မှုနည်းရင် ဖြေလျှော့ပေးမည်ဟုဆို

မွန်ပြည်နယ်ကို ဝင်ရောက်လာကြမယ့် ရန်ကုန်တိုင်းကအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်က သူတွေကို ကွာရန်တင်းဝင်ရတဲ့ စနစ်ကနေ ဖြေလျှော့ပေးဖို့ ဆွေးနွေးတိုင်ပင်နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ပြည်နယ်တွင်းဝင်လာကြမယ့်သူတွေ စည်းကမ်းလိုက်နာရင် ဒါမှမဟုတ် ရန်ကုန်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပိုးကူးစက်မှု လျော့နည်းလာရင် ကွာရန်တင်းစင်တာတွေမှာမထားတော့ဘဲ နေအိမ်တွေမှာပဲ ကွာရန်တင်းထားဖို့ ဆွေးနွေးနေကြတာဖြစ်တယ်လို့လည်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။



“ တစ်ခြားဒေသတွေကနဲ့ ရန်ကုန်ပြန်တွေက စည်းကမ်းလိုက်နာမယ်ဆိုရင် Home Quarantine ကို ခွင့်ပြုပေးနိုင်တယ်။ လောလောဆယ်မှာ စည်းကမ်းလိုက်နာမှု ရှိမရှိဆိုတာကို ယုံကြည့်လို့မရသေးဘူး။ နောက်ပြီး ရန်ကုန်ပြန်တွေမှာ Case တွေ့နှုန်း နည်းလာတဲ့အခါကျရင် အစ်မတို့ ဒါလေးတွေ စီစဉ်ဖြစ်မှာပါ။ အခုလောလောဆယ် တိုင်ပင်နေကြတုန်းပါပဲ"”လို့ ဒေါက်တာဝတ်မှုံက ပြောပါတယ်။

လက်ရှိ ရန်ကုန်ပြန်တွေနဲ့ အခြားဒေသက ပြန်လာသူတွေမှာ ပိုးတွေ့မှုနှုန်းက မွန်ပြည်နယ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း ရဲ့ (၁၅) ရာခိုင်နှုန်းလောက်ရှိနေသေးပြီး ကူးစက်မှုအားလုံးရဲ့ (၅) ပုံ (၁) ပုံခန့်မှာရှိနေသေးတယ်လို့လည်း သိရပါတယ်။ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ကွာရန်တင်းစင်တာတွေမှာ မထားတော့ဘဲ နေအိမ်မှာပဲ Strict Home Quarantine (နေအိမ်မှာပဲ တင်းတင်းကြပ်ကြပ်ထားရှိခြင်း) အစီအစဉ်ပြုလုပ်ထားပေမယ့် စည်းကမ်းမလိုက်နာဘဲ အပြင်ထွက်သွားလာတာမျိုးတွေ ရှိနေတယ်လို့လည်း ဒုပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ဆက်လက်ပြောပါတယ်။

ဒါကြောင့် ရန်ကုန်ပြန်တွေနဲ့ အခြားဒေသက ပြန်လာသူတွေရဲ့ စည်းကမ်းလိုက်နာမှုအပေါ် မူတည်ပြီး အိမ်မှာပဲ ကွာရန်တင်းထားမယ့် အခြေအနေကို ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ မွန်ပြည်နယ်ကို ဝင်ရောက်လိုသူတွေအနေနဲ့ စစ်တောင်းတံတားမှာ ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်ပြီး ရောဂါပိုးမရှိသူတွေက မော်လမြိုင်မြို့ အဝင်မှာ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာမှာ (၅) ရက်ခန့် နေထိုင်ကာ ဒုတိယအကြိမ်မြောက် ပိုးထပ်မံစစ်ဆေးရတာဖြစ်ပါတယ်။ ပိုးမရှိကြောင်း အဖြေထွက်ပါက နေအိမ်မှာ တစ်ပတ်ခန့် ကွာရန်တင်းထပ်မံနေထိုင်ပြီးမှ အပြင်သွားလာခွင့်ရတာဖြစ်တယ်လို့လည်းမွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က