သစ်တောဦးစီးဌာန သွားရောက်စစ်ဆေးတဲ့နေရာနဲ့ မြေပြင်မှဖြစ်နေတဲ့နေရာက ကွဲလွဲမှုဖြစ်နေပါတယ်။
Htar Htar Wai

လှည်းကူး-ဖောင်ကြီးတစ်ဝိုက်မှာ ရှားပါးအောင်လောင်ငှက်တွေကို သတ်ဖြတ်ရောင်းချမှုမရှိသလို နေပြည်တော်အမြန်လမ်းတစ်လျှောက် (၁၈/၆)မိုင်အနီးမှာရောင်းချနေတာတွေက အောင်လောင်ငှက်မဟုတ်ဘူးလို့ သစ်တောဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် အောင်လောင်ငှက်တွေရောင်းချနေမှုသတင်းကို မှားယွင်းစွာတင်ပြခဲ့တယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားတဲ့ Kyi Moe အကောင့်ပိုင်ရှင်က မြေပြင်မှာ အောင်လောင် ငှက်တွေကို ဖမ်းဆီးနေတဲ့နေရာနဲ့ သစ်တောဌာနက စစ်ဆေးတဲ့နေရာက ကွဲလွဲမှုရှိနေတယ်လို့ Duwun ကို ပြောပါတယ်။



" ကျွန်တော်က ဒီသတင်းကို မူရင်းတင်တဲ့သူဆီက ပြန် share ခဲ့တာဖြစ်တယ်။ အဲဒီသတင်းအောက်မှာ အကောင့်တစ်ခုက ဘာကောင်တွေလဲမသိဘူးဆိုပြီး ရောင်းနေတဲ့ကိစ္စတစ်ခုကို မန့်တယ်။ သူကလည်း အောင်လောင်တွေရောင်းနေတယ် မပြောထားဘူး။ဒါပေမယ့် သစ်တောက အဲဒီနေရာကို လိုက်သွားပြီးစစ်ဆေးခဲ့တယ်။ဒါပေမယ့် ကျွန်တော်တင်တာက အဲဒီမန့်က နေရာနဲ့မဆိုင်ဘူး။ မူရင်းတင်တဲ့လူ ထိခိုက်မှာစိုးလို့ ဘယ်နေရာလည်းဆိုတာတောင် မဖော်ပြထားဘူး။ အဲဒီနေရာမှာက တကယ်လည်း အောင်လောင်တွေကို ဖမ်းဆီးမှုရှိနေတယ်။ အခုက သစ်တောက သူ့ဘာသာ comment က နေရာကိုလိုက်သွားပြီး ကျွန်တော်တင်တာမှားတယ်ဆိုတာမျိုး ထုတ်ပြန်တော့ ကျွန်တော်လည်း ဂုဏ်သိက္ခာထိခိုက်မှုရှိတယ် " လို့ ငှက်ချစ်သူ ဓာတ်ပုံပညာရှင် ကိုကြည်မိုးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ credit - Thant Zaw (အောင်လောင်ငှက်များ ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့ ဓာတ်ပုံတစ်ပုံ)

အောက်ချင်း ၊ အောင်လောင်ငှက်တွေကို ဖမ်းဆီးမှုရှိနေတာက နေပြည်တော် ဥတ္တရသီရိမြို့နယ် ၊ မိုးဆွေကျေးရွာအနီးဖြစ်ပြီး ယခုအချိန်က ငှက်သားပေါက်ချိန်ဖြစ်လို့ ဒီငှက်တွေရဲ့ သဘာဝအရ အစာရှာထွက်လာတဲ့ ငှက်အဖိုကို ဖမ်းဆီးရင် ငှက်အမနဲ့ ငှက်သားပေါက်တွေ သေဆုံးနိုင်ပြီး ရှားပါးငှက်မျိုးစိတ် မျိုးဆက်ပြတ်နိုင်တဲ့အတွက် ဒီလိုတင်ပြတာဖြစ်တယ်လို့ ကိုကြည်မိုးက Duwun ကို ပြောပါတယ်။

ဒီလိုအောင်လောင်ငှက်တွေကို နေပြည်တော်တစ်ဝိုက်မှာ ငှက်မုဆိုးတွေက တကယ်လည်း ဖမ်းဆီးမှုရှိနေပြီး ဒါတွေကို အသိပညာပေးလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက အတည်ပြုထားပါတယ်။

" ကျွန်တော်တို့ကိုယ်တိုင်လည်း သွားတဲ့အခါကျတော့ ပြောတယ် ။အရင်တုန်းကဆို အဲဒီအောက်တွေမှာ ကျွန်တော်ကိုယ်တိုင်လည်းတွေ့ခဲ့တယ် ငှက်မွှေးတွေတွေ့တယ်။ ငှက်တဲတွေမှာလေ။ တွေ့တဲ့အခါကျတော့ အဲဒီငှက်တဲတွေကို သက်ဆိုင်တဲ့သစ်တောဝန်ကြီးဌာနက ဖျက်လိုက်တယ်။လေသေနတ်တွေကို ထိန်းသိမ်းဖို့ လုပ်တယ်။ငှက်မုဆိုးတွေကို ပညာပေးလုပ်ပြီး ငှက်ကြည့်စခန်းဆိုတာမျိုး လုပ်မယ်။လာမယ့်တစ်ပတ်ဆို သွားမယ်။ ဒေသခံတွေက ငှက်တွေကို လိုက်ပြပြီး ဝင်ငွေရတယ်။ငှက်ကို မသတ်တော့ဘဲ ။ အဲဒီလိုပုံစံနဲ့ ရေရှည်ဆက်သွားဖို့လိုတယ်။အဲဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့လုပ်နေပါတယ် " လို့ မန္တလေးတိုင်းဒေသကြီး ၊ မဲဆန္ဒနယ်အမှတ်(၁၂) ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက Duwunကို ပြောပါတယ်။

ဒါကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြည်သူတွေအနေနဲ့ အောင်လောင်ငှက်တွေကျက်စားရာနေရာက ဒေသခံတွေကို ငှက်တွေကို မသတ်ဘဲ ရေရှည်ဝင်ငွေရနိုင်တယ်ဆိုတာ သိရှိလာအောင် လုပ်ဆောင်ရမှာဖြစ်သလို ဒီလိုဖမ်းဆီးမှုတွေကို သိရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေသာမက မိမိကိုပါ ဆက်သွယ်တိုင်ကြားရင် အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ Duwun ကို ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းက သစ်တောကြိုးဝိုင်းအချို့မှာ ကမ္ဘာ့ရှားပါးစာရင်းဝင် ငှက်တွေဖြစ်တဲ့ အောင်လောင် ၊ အောက်ချင်း ၊ ငူငှက်တွေအပါအဝင် အခြားငှက်မျိုးစိတ်တွေ ဆောင်းခိုကျက်စားလျက်ရှိပြီး ဒီငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပြီးသက်ဆိုင်ရာဌာနတွေပူးပေါင်းလုပ်ဆောင်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။


Author


က္က