မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးက ကျပ်ငါးသောင်းလို့ သိရပါတယ်။
Ei Ei Mar

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ဆင်မလိုက်စျေး(၈)လွှာမှာရှိတဲ့ အဆိုတော်မြန်မာပြည်သိန်းတန်ရဲ့ဇနီး ပိုင်ဆိုင်တဲ့ တိုက်ခန်းမှာ ဝါယာရှော့ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်မနက် ၁၀ နာရီ ၃၆ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

 အဲဒီမီးလောင်တဲ့နေရာကို ကမာရွတ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းက မီးသတ်ယာဥ်သုံးစီးနဲ့သွားရောက်ငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၁၀ နာရီ ၄၆ မိနစ်မှာမီးငြိမ်းသွားခဲ့ပါတယ်။မီးလောင်မှုကြာမြင့်ချိန်ကတော့ ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့တာဖြစ်ပါတယ်။မီးလောင်တဲ့တိုက်ခန်းမှာ လူမနေဘူးလို့လည်း သိရပါတယ်။

"မီးလောင်မှုဖြစ်စဥ်ကို သိသိချင်းမှာ ကမာရွတ်မြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေသွားငြိမ်းခဲ့ကြတယ် ရပ်ကွက်ကလည်းဝိုင်းငြိမ်းပေးခဲ့ကြပါတယ် အများကြီးလောင်သွားတာမဟုတ်ပါဘူး အလှပြင်ခုံနဲ့အလှပြင်ပစ္စည်းတွေ အဝတ်အစားနည်းနည်းလောက်ပဲ လောင်သွားတာပါ"လို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ကျမီးသတ်အရာရှိတစ်ဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးက ကျပ်ငါးသောင်းရှိပြီး ကမာရွတ်မြို့မရဲစခန်းက မီးပေါ့ဆမှုနဲ့ အိမ်ပိုင်ရှင် ဒေါ်နုနန္ဒာသန်း (မြန်မာပြည်သိန်းတန်ရဲ့ဇနီး) ကို (ပ)၃၂ / ၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဟာဆိုရင် မီးနှင့် သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဥ်းပြီး ပေါ့ဆခြင်းအတွက် ဖွင့်လှစ်အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။

 ဒီပုဒ်မမှာဆိုရင် ပြစ်ဒဏ်အနေနဲ့ သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင် တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားပါတယ်။

အလွတ်တန်းသတင်းထောက်ကျော်သူ ပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က