လက်ရှိ ၁၂ခေါက်ပြေးဆွဲရာကနေ ၅၇ခေါက်ပြေးဆွဲနိုင်ဖို့ ဝန်ကြီးဌာနကို တင်ပြထားတာ ဖြစ်ပါတယ်။
Htar Htar Wai

လက်ရှိအချိန်မှာ လုပ်ငန်းတွေပြန်လည်ပတ်လာတဲ့အတွက် ရထားစီးနင်းသူဦးရေ နှစ်ဆကျော်မြင့်တက် လာတာကြောင့် နေရာကြပ်တည်းမှုအခက်အခဲရှိလာတဲ့အတွက် မြို့ပတ်ရထားခရီးစဉ် အခေါက်ရေ တိုးမြှင့်ပြေးဆွဲနိုင်ဖို့ ရန်ကုန်မီးရထားက စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိပြေးဆွဲနေတဲ့ ခရီးစဉ်၁၂ခေါက်ကနေ ၅၇ခေါက်ပြေးဆွဲနိုင်ဖို့ မြန်မာ့မီးရထားရုံးချုပ်က တစ်ဆင့် ဝန်ကြီးဌာနကို တင်ပြတောင်းဆိုထားတယ်လို့ ရန်ကုန်မီးရထား တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။



“ ကျွန်တော်တို့ထပ်တိုးပြေးချင်တဲ့ ခရီးစဉ်တွေကို မီးရထားရုံးချုပ်ကနေ တစ်ဆင့် ဝန်ကြီးဌာနကို တင်ထားဆဲ ဖြစ်ပါတယ်။ အတည်ပြုချက်မရသေးဘူး။ အများကြီးတော့ တိုးလို့မရသေးတဲ့ အနေအထားမှာ မဖြစ်မနေ တိုးပေးသင့်တယ်ဆိုတဲ့ လမ်းကြာင်းနဲ့အချိန်တွေကို စီစဉ်ပြီး တင်ပြထားတာပါ။ အခုက လုပ်ငန်းတွေ ပြန်ဖွင့်တော့ ခရီးသွားက တက်လာတယ်။ လက်ရှိပြေးဆွဲ နေတဲ့အနေအထားနဲ့ဆို အကြပ်အတည်း ရှိနေတာပေါ့။ အခုက ခရီးသည်က လေးထောင်နီးပါးရှိလာပြီ။ အရှေ့ကာလတွေမှာတော့ ခရီးသည်က တစ်ထောင် ၊ တစ်ထောင့်ငါးရာကျော်ပေါ့။ အဲဒီလောက်ကနေ အခု လေးထောင်နီးပါးအထိ ပြန်တက်လာပါပြီ" လို့ ရန်ကုန်မီးရထား ၊ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က Duwun ကို ပြောပါတယ်။

ဒါကြောင့် ရုံးတက်၊ရုံးဆင်းချိန်တွေမှာ ရထားအစီးရေနဲ့ အချိန်တိုးမြှင့်ပြေးဆွဲနိုင်ဖို့ ၊ လက်ရှိအချိန်မှာ နေ့လည်ခင်း ရထားမရှိတဲ့အတွက် ပြေးဆွဲနိုင်ဖို့နဲ့ ခေတ္တရပ်ဆိုင်းထားတဲ့ ရထားခရီးစဉ် တစ်ချို့ ပြန်လည်ပြေးဆွဲနိုင်ဖို့ တင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုရထားခရီးစဉ်တိုးမြှင့်ပြေးဆွဲပေမယ့်လည်း မူလပြေးဆွဲခဲ့တဲ့ အနေအထားကိုတော့ ပြန်လည်ရောက်ရှိသေးမှာမဟုတ်သလို ရထားခရီးစဉ်တိုးမြှင့်ပြေးဆွဲပေမယ့်လည်း ယာဉ်ကြော ကြပ်တည်းမှုကို များစွာထိခိုက်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့ မြို့ပတ်အဆင့်မြှင့်စီမံကိန်းမစခင် အရင်ကဆို ခရီးစဉ် ၂၂၀ပြေးဆွဲခဲ့တာပါ။ အခုက ၅၇ခေါက်ပဲ ပြေးဆွဲဖို့တောင်းဆိုတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရထားတွေပြေးဆွဲချိန် ရထားဂုံးကျော် တံခါးအဖွင့်အပိတ်နဲ့ ပတ်သက်ပြီး ယာဉ်ကြောကြပ်တည်းတဲ့အနေအထားကတော့ ဒီကိစ္စလေးတွေက ရှိတာပေါ့။ ဒါပေမယ့်လည်း အရင်က ဒီဂုံးကျော်တံခါးပြန်ဖွင့်ချိန်မှာ ကားတွေဖြတ်သန်းသွားတာက ချောချောမွေ့မွေ့မဖြစ်ဘူးပေါ့နော် ယိုယွင်းတဲ့အနေအထားလေးတွေရှိတော့။ဒါ့အပြင် တံခါးဖွင့်ချိန် ပိတ်ချိန်အတွက် အချက်ပြတဲ့စနစ်တွေကိုလည်း အခု အဆင့်မြှင့်တင်ချိန်မှာ ဒါတွေကို ထည့်သွင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ဒါ့အပြင် အရင်က တံခါးပြန်ဖွင့်ရင် ကားတစ်စီးကို ဖြတ်သန်းချိန် တစ်မိနစ်ပဲဆိုပါစို့ အခုက စက္ကန့်သုံးဆယ်လောက်ပဲ ကြာမြင့်ပြီး ချောချောမွေ့မွေ့ဖြတ်သန်းနိုင်တာဖြစ်လို့ ဒီအချိန်အတွင်းမှာ ယာဉ်အစီးရေပိုပြီး ဖြတ်သန်းနိုင်တဲ့အနေအထားလည်း ရှိပါတယ်" လို့ ရန်ကုန်မီးရထား ၊ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က Duwun ကို ပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထားကို ကိုဗစ်၁၉ ဒုတိယလှိုင်းကာလ စက်တင်ဘာလကစတင်ကာ ရထားပြေးဆွဲမှုတွေကို လျှော့ချခဲ့တာဖြစ်ပြီး လက်ရှိမှာ တစ်နေ့လျှင် ရထားသုံးစင်းနဲ့ ခရီးစဉ် အခေါက်ရေ ၁၂ကြိမ် ပြေးဆွဲနေတာ ဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က