ယောက္ခမနဲ့ သားမက်ဖြစ်သူတို့သေဆုံးခဲ့တာပါ။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ချောင်းထဲကို အိမ်စီးယာဉ်ကားတစ်စီးထိုးကျမှုဖြစ်ပွားခဲ့ပြီး လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် (၁၁)နာရီ ဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ်းနားလမ်းဘက်ကနေ ဂုန်းအဆင်းမှာ အရှိန်လွန်ပြီး ထိုးကျသွားတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

“ ကားက အရှိန်တော်တော်များတယ်ပြောတယ်။ ဘေးနားက ပတ်ဝန်းကျင်ကလူတွေဆို ကားဘယ်လိုထိုးကျသွားမှန်းတောင် မသိလိုက်ဖြစ်သွားတယ်။ ဂုန်းအဆင်းလည်းဖြစ်တော့ပိုဆိုးတာပေါ့။ ယောက္ခမနဲ့ သမက်ဖြစ်တာ။ ယောက္ခမကိုဆေးခန်းသွားပို့ပြီးအပြန်မှာ ခုလိုဖြစ်တာ”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရေးမြို့ အောင်မင်္ဂလာလူငယ်အဖွဲ့မှ ကိုဘမင်းက Duwunကိုပြောပါတယ်။

ကားက Honda Fit အမျိုးအစားအဖြူရောင်ဖြစ်ပြီး အိမ်ကထွက်သွားစဉ်ကတော့ သမက်ဖြစ်သူမောင်းနှင်တာဖြစ်တယ်လို့သိရပါတယ်။ 

ချောင်းထဲထိုးကျသွားစဉ်မှာ ရက်ထားတဲ့ ဆိုင်ကယ်တစ်စီးကိုဝင်တိုက်မိပြီး ဆိုင်ကယ်မှာလည်းကျေမွပျက်စီးသွားတယ်လို့သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းကိုတော့ ဖြစ်ဖြစ်ချင်းမှာပဲ အနီးနားက ရေငုပ်သမားတွေ၊ မီးသတ်တက်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေဆောင်ရွက်ခဲ့ကြရာမှာ (၄၅)မိနစ်လောက်အချိန်ကြာဆောင်ရွက်ခဲ့ကြရပါတယ်။

သေဆုံးသူရဲ့ အလောင်းတွေကိုတော့ ကားထဲကပဲတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



က္က