ဆန္ဒထုတ်ဖော်မှု မပြုလုပ်မီ ငွေစာရင်းရှင်းတမ်းပြုလုပ်ပေးဖို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။

ရန်ကုန် နန်းသီတာဆိပ်ကမ်းနဲ့ ဒလမြို့နယ်ကို ပြေးဆွဲပေးနေတဲ့ ကမာအောင်စက်တပ်သမ္ဗာန်ရေယာဉ်အဖွဲ့ပိုင်အသင်းသားစုကြေးငွေတွေကို ၁၁ နှစ်ကြာအထိ ငွေစာရင်းရှင်းတမ်း ပြုလုပ်မပေးတာကြောင့် စာရင်းရှင်းတမ်းလုပ်ပေးဖို့ ရေယာဉ်မောင်းသူတချို့က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။

Photo: HLS

ဆန္ဒထုတ်ဖော်ပွဲကို ဒလမြို့နယ်၊ ကမာအောင်စက်လှေဆိပ်မှာ ဒီကနေ့ ဇန်နဝါရီ၂၃ရက်မနက် ၁၀ နာရီကျော်လောက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဦးဆောင်ပြုလုပ်သူ ၅ ဦးဟာ PPE တွေဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ "ငွေစာရင်းရှင်းတမ်း ရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာပါ။၁၁ နှစ်ကြာတဲ့အထိ ငွေစာရင်းရှင်းတမ်း မလုပ်ပေးလို့တောင်းဆိုတာပါ။ မနက်က ၅ ယောက် ဆန္ဒပြ တောင်းဆိုတာပါ။"လို့ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကိုကျော်လွင်ကပြောပါတယ်။



Photo: HLS

ဆန္ဒထုတ်ဖော်မှု မပြုလုပ်မီ ငွေစာရင်းရှင်းတမ်းပြုလုပ်ပေးဖို့ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့်လည်း ၊ ထူးခြားမှုမရှိတာကြောင့် ခုလို ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကမာအောင်စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဌဦးတင်နီကတော့ "သူတို့ပြောတာတွေ မဟုတ်ဘူး။ငွေစာရင်းက လတိုင်း ကပ်ပေးတယ်။ဂိတ်ကြေးကို ၂၀၁၄ က စပြီး ၈၀၀၊၁၀၀၀၊၁၄၀၀ကောက်တယ်၊ ဆင်းတဲ့လူကိုကောက်တယ် မဆင်းတဲ့လူကိုမကောက်ဘူး။ဒီကောက်ခံငွေနဲ့သူတို့ရဲ့ သာရေး၊နာရေး ထောက်ပံ့တယ်။ နှစ်စဉ်အလှူလုပ်တယ်"လို့ ပြောပါတယ်။

Photo: HLS

ရေယာဉ်မောင်းသူတွေဆီက ကောက်ခံငွေတွေထဲကနေ တစ်နှစ်တစ်ခါအလှူအတန်းပြုလုပ်ပေးခြင်း၊ ကျောင်းထောက်ပံ့ကြေးနှစ်တိုင်းပေးခြင်း၊ အလုပ်သမားနာရေးဖြစ်ပါက သုံးသိန်း၊ဇနီးနာရေးဖြစ်ပါက နှစ်သိန်း၊မိဘနာရေးဖြစ်ပါက နှစ်သိန်း၊ သားသမီးနာရေးဖြစ်ပါက တစ်သိန်းစသဖြင့် သိန်းငါးရာခန့်လှူဒါန်းထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္ဗာန်ဆိပ်မှာ သမ္ဗာန်အစီးရေ ၁၈၀ရှိကြောင်း၊ အားလုံးကို စည်းကမ်းဖြင့်အုပ်ချုပ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ



က္က