မကြာခင်ကာလအတွင်း ထောက်ပံ့ပေးမည်ဟုဆို
Mi Thawdar Aung

ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို အစိုးရကထောက်ပံ့နေရာ မကြာခင်မှာလည်း ထပ်တိုး အိမ်ထောင်စု (၂) သန်းနီးပါးကို ထောက်ပံ့ပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစား အိမ်ထောင်စုတွေကို စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်တဲ့အချိန်မှာ စာရင်းတွေမှာ မပါဝင်တာကြောင့်၊ ကိုဗစ်-၁၉ ဖြစ်ပွါးတဲ့ကာလရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသွားရတာတွေကြောင့် စတဲ့အကြောင်းအရာတွေပေါ်မူတည်ကာ စားသောက်ရေးအခက်အခဲကြုံလာလို့ ထောက်ပံ့ကြေးယူလိုတဲ့ အိမ်ထောင်စုတွေက တင်ပြတိုင်ကြားမှုအပေါ် စိစစ်ပြီးနောက် ထပ်မံထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။



“ ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု ( ၂၀၁၁၀၉၅ ) စုအတွက် ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အသိပေးရေးသားထားတာပါ။

ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပြုရာမှာ အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊ ပွင့်လင်းမြင်သာတဲ့ထောက်ပံ့မှုမျိုးဖြစ်စေဖို့၊ သက်ဆိုင်ရာအိမ်ထောင်စုများ လက်ဝယ်ကို ထောက်ပံ့ငွေတွေ မှန်မှန်ကန်ကန်ရောက်ရှိစေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ် စေဖို့အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ ထိရောက်စွာကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားဖို့အတွက်လည်း ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်-၁၉ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် (၅၆၈.၆၄) ဘီလီယံကို သုံးစွဲခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က