ကာကွယ်ဆေးထိုးနှံခွင့်ရပြီဆိုပါက အဆင်သင့်ဖြစ်အောင်လူစာရင်းကောက်ခံဖို့ ညွှန်ကြားထားဟုဆို

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အများစုမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အတွက် လူဦးရေစာရင်းတွေကို စတင်ကောက်ယူနေပြီဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ မြို့နယ် ကိုဗစ်ကော်မတီတွေထံက သိရပါတယ်။

ကာကွယ်ဆေးထိုးနှံခွင့်ရပြီဆိုတာနဲ့ အဆင်သင့်ဖြစ်အောင် ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာရှိတဲ့ လူဦးရေစာရင်းတွေ ပြုစုထားဖို့ ညွှန်ကြားထားတာကြောင့် အသက် (၁၈) နှစ်အောက်၊ အသက် (၁၈) နှစ်ကနေ အသက် (၆၀) နှစ်အကြား၊ အသက် (၆၅) နှစ်အထက် စသဖြင့် အသက်အပိုင်းအခြားအလိုက် မြို့နယ်တွေမှာနေထိုင်သူဦးရေတွေကို စာရင်းကောက်ယူနေတာဖြစ်တယ်လို့လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက Duwun ကိုပြောပါတယ်။



“ ကျွန်တော်တို့က ဘယ်လိုလူမျိုးကောက်မယ်ဆိုတာ ခွဲခြားထားတာမရှိဘူး။ တစ်မြို့နယ်လုံးမှာရှိတဲ့ အိမ်ထောင်စုဝင်တွေအကုန်လုံးကို ကောက်တယ်။ အသက် (၁၈) နှစ်အောက်ပါမယ်။ အသက် (၁၈) နှစ်အထက်ပါမယ်။ (၁၈) နှစ်နဲ့ (၆၀) အကြား အဲဒီလိုမျိုးလေးတွေတော့ ခွဲထားတယ်။ ကာကွယ်ဆေးကတော့ အသက် (၁၈) နှစ်အထက် ထိုးပေးမယ်ဆိုတာကြားရတယ်။ (၁၈) နှစ်အထက်ထိုးမယ်ဆိုလည်း ကျွန်တော်တို့မှာ ကောက်ပြီးသားပဲ။ (၆၀) နှစ်အထက်ထိုးမယ်ဆိုလည်း ကျွန်တော်တို့မှာ ပြုစုပြီးသားပဲ သူတို့ညွှန်ကြားတဲ့အတိုင်းပဲ ကြိုက်တဲ့အသက်အပိုင်းအခြားအလိုက် စာရင်းပေးနိုင်အောင် ကျွန်တော်တို့ဘက်ကကြိုတင်ပြင်ဆင်ထားတာပါ” လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဆိုပါတယ်။

အဲဒီလို စာရင်းကောက်ယူမှုတွေကို ဇန်နဝါရီ (၂၃) ရက်ကစတင်ကာ မြို့နယ်အများစုမှာ ဆောင်ရွက်နေတာဖြစ်ပြီး နာမည်၊ မွေးသက္ကရာဇ်၊ ရောက်ရှိအသက် စသဖြင့် အဓိကထားကောက်ခံနေတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ မြို့နယ်တွေအနေနဲ့ မြို့နယ်မှာနေထိုင်ကြတဲ့ လူဦးရေစာရင်းတွေကို ကောက်ခံနေတာဖြစ်ပြီး ဘယ်လို အမျိုးအစားတွေကို ဦးစားပေးထိုးနှံမလဲဆိုတာကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထပ်မံညွှန်ကြားမှာဖြစ်တယ်လို့လည်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီမှ ဒေါက်တာကျော်စွာဦးက Duwun ကို ပြောပါတယ်။

“ အဲဒါနဲ့ ပတ်သက်ပြီး ညွှန်ကြားလာတဲ့အတွက် စပြီးစာရင်းကောက်နေပါပြီ။ ကျွန်တော်တို့ကတော့ စာရင်းကောက်ပေးတဲ့သဘောပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ဗဟိုအမျိုးသားအဆင့် ကော်မတီကတော့ ဘယ်လိုအုပ်စုတွေကို ထိုးမလဲဆိုတာကို ထပ်ပြီး ညွှန်ကြားမှာပါ။ ကျွန်တော်တို့ကတော့ အသက် (၆၀) ၊ (၆၅) နှစ်အထက် ဘယ်နှစ်ယောက် စသဖြင့် အဲဒီလို စာရင်းလေးတွေကိုတော့ ပြုစုနေရတာပေါ့” လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီမှ ဒေါက်တာကျော်စွာဦးကလည်း ပြောပြပါတယ်။

လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို မွမ်းမံသင်တန်းတွေ သင်ကြားပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံက ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေး (၁) သိန်းခွဲကို ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံးထိုးနှံမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ကြေညာထားပြီး အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်တွေလည်း ဦးစားပေးထိုးနှံမယ့်အစီအစဉ်မှာပါဝင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က