ဘုရားတွေကို ဖူးမျှော်ခွင့် ပြုတဲ့အခါ အဆင်သင့်ဖြစ်စေဖို့အတွက် ပုဂံက ဘုရား ၄၄ ဆူမှာ ကိုဗစ်စည်းကမ်းနဲ့အညီ ပြင်ဆင်မှုတွေလုပ်နေတယ် လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကသိရပါတယ်။



ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဂေါပကအဖွဲ့တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ဘုရားပုထိုး ၁၉ ဆူနဲ့ ရှေးဟောင်းတန်ဖိုး မြင့်မားပြီး အထင်ကရဖြစ်တဲ့ ဘုရားပုထိုး (၂၅) ဆူကို  ကိုဗစ်စည်းကမ်းနဲ့အညီ ဖူးမြော်ခွင့်ပြု နိုင်ဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

"ဂေါပကရှိတဲ့ ဘုရားကြီး ၁၉ ဆူမှာ ကျန်းမာရေး၊သာသနာရေးနဲ့ပေါင်းပြီးတော့ ပြင်ဆင်မှူတွေလုပ်နေတယ်၊ ကျန်းမာရေးနဲ့အညီ ခရီးသွားခွင့်ပြုမယ် ဖြေလျှော့မယ်ဆိုတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင် အဆင်ပြေအောင် ကြိုတင်လိုက်လံပြီးတော့ ဟောပြောတာတွေ၊ စစ်ဆေးတာတွေ၊ ထိန်းသိမ်းမှု တွေကိုကြိုတင်ပြီးလုပ်နေတာပါ။"လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောပါတယ်။ 

ဓာတ်ပုံ - PPA

COVID – 19 ရောဂါဖြစ်ပွားမှုကျဆင်းလာပြီး ဖြေလျှော့မှုနဲ့အတူ စေတီပုထိုးတွေကို လေ့လာ ဖူးမြော်ခွင့်ပြုချိန်မှာ ဘုရားဖူးပြည်သူတွေနဲ့ ဒေသခံတွေပါ  ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့အတွက် Social Distancing နှင့်အညီ စည်းကမ်းချက်တွေကိုပညာပေး ဆောင်ရွက်ခြင်း၊ အကွာအဝေးသတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်းရဲ့ ခွင့်ပြုနိုင်မှု အရေအတွက် စသဖြင့် လိုအပ်တာတွေကို ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီးဘုရားတစ်ဆူချင်းစီမှာလည်း  အပူချိန်တိုင်း စက်ပစ္စည်းကိရိယာတွေထားရှိမှာဖြစ်သလို၊ ဘုရားရဲ့ ပရိဝုဏ်နှင့် ဂန္ဓကုဋီအကျယ်အဝန်း အလိုက် ခွင့်ပြုနိုင်မယ့် လူဦးရေကိုတွက်ချက် သတ်မှတ်ကာ Auto Counting စနစ်ဖြင့် ဆောင်ရွက်ဖို့လည်း စီစဉ် ထားပြီး CCTV ဖြင့်ပါ စနစ်တကျထိန်းသိမ်းကြပ်မတ်နိုင်ရန် ဆောင်ရွက်ထား တယ်လို့သိရပါတယ်။

ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ မြစေတီ ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေဆံတော်၊ထီးလိုမင်းလိုဘုရား၊သဗ္ဗညုဘုရား၊ဓမ္မရံကြီးဘုရား၊ဓမ္မရာဇကဘုရား စတဲ့ စေတီ အချို့ပါဝင်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ပုဂံကို လာရောက်မယ်ဆိုရင် ကွာရန်တင်းဝင်ရတာတွေရှိကြောင်း၊ ပုဂံဘုရားတွေပြန်ဖွင့်မယ့်အချိန်ကိုလည်း သိရှိရပါက တရားဝင်ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က