ဥပဒေအတိုင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။
Mi Thawdar Aung

ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး မဲသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ၊ ဆန္ဒထုတ်ဖော်ပွဲလုပ်ဆောင်နေတာတွေကို ဝေဖန်စရာအကြောင်းမရှိဘဲ လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးကသာ NLD ရဲ့ တာဝန်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ (၂၄) ရက်က နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့က ဥပဒေအတိုင်းသွားနေတာပဲလေ။ သူတို့ ဟိုဟာဖြစ်တဲ့ဟာတော့ ကျွန်တော်တို့က ဘာမှပြောစရာမရှိဘူး။ ဝေဖန်စရာ မရှိဘူး။ ကျွန်တော်တို့က အခြေခံဥပဒေပေးထားချက်၊ UEC ရဲ့ ဥပဒေ အရ သွားနေတာပဲလေ။ ကျွန်တော်တို့ကနှစ်လအတွင်း လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးဆိုတာ ကျွန်တော်တို့ တာဝန်ပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာလည်း NLD ကပဲ နိုင်ထားတာလေ။ ဒီတစ်ခေါက်လည်း NLD ကပဲနိုင်ထားတာ။ ဒီတော့ NLD က လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးကိုပဲ ဇောက်ချလုပ်နေတာ။ ကျန်တဲ့ဟာ လုပ်တာတော့ ကျွန်တော်တို့ အပိုင်းမဟုတ်ဘူး။” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေကို အစိုးရအနေနဲ့ ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဖြေရှင်းဘူးဆိုပါက နိုင်ငံရေးအကျပ်အတည်းဖြစ်လာနိုင်တယ်ဆိုတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်က “ ကျွန်တော်ပြောချင်တာက ဥပဒေအတိုင်းပဲ လွှတ်တော်ခေါ်ယူရေးဆောင်ရွက်နေတယ်။ ဒါကဘာလဲဆိုတော့ အခြေခံဥပဒေပေးထားချက်နဲ့ ပြည်သူ့လွှတ်တော်ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေအရ ဆောင်ရွက်နေတာပဲ။ နိုင်ငံရေးအကျပ်အတည်းက ဘယ်လို အဓိပ္ပာယ်ဖွင့်နေလဲတော့မသိဘူး။ သူတို့နဲ့ပတ်သက်ပြီး ဘာမှ ဝေဖန်စရာမရှိပါဘူး” လို့လည်းဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဖေဖော်ဝါရီလ (၁) ရက်မှာ ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိခဲ့တဲ့ မြို့နယ်တွေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို တပ်မတော်က ထုတ်ပြန်နေသလို ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း (၂၀၂၀) ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ကြောင်း တောက်လျှောက် ပြောဆိုနေတာလည်းဖြစ်ပါတယ်။


Author


က္က