တိုင်းပြည်အကျိုး အမှန်တကယ်ဆောင်ရွက်နိုင်ပါက ပြည်ထောင်စုအဆင့်မှာပါလာမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
Mi Thawdar Aung

တိုင်းပြည်အကျိုးလုပ်ဆောင်နိုင်တဲ့သူဆိုပါက ပြည်ထောင်စုအဆင့်မှာ ပါလာမှာဖြစ်ပြီး ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်မို့ မခန့်တာမျိုး မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။

ဇန်နဝါရီ (၂၅) ရက်ကပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့အစိုးရအဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ တပ်မတော်သားဟောင်းအချို့ ပြည်ထောင်စုဝန်ကြီးတွေ အဖြစ် ခန့်အပ်ခဲ့တာကြောင့် အခုအစိုးရအဖွဲ့မှာ ခန့်အပ်ဖို့ ရှိသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းစဉ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့တာပါ။

NLD အစိုးရရဲ့ မူကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပြီး တိုင်းပြည်အကျိုးအတွက် အမှန်တကယ် စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်ဆိုပါက ပြည်ထောင်စုအဆင့်မှာ ပါလာမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ 

“ ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးဇော်ဌေးက Unity Government ဆိုပြီးတော့ ပြောသွားလိုက်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့မူကလည်း အမျိုးသားပြန် လည်သင့်မြတ်ရေး၊ အကယ်၍များ တိုင်းပြည် အကျိုးအတွက် တကယ်စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် တစ်ယောက်ယောက်ဖြစ်မှာပေါ့။ ကျွန်တော်တို့က ဟိုဟာမို့လို့ မခန့်ရဘူးဆိုတာ နဂိုကတည်းက မရှိဘူးလေ။ ကြံ့ ခိုင်ဖွံ့ဖြိုးရေးကမို့ မခန့်ရဘူး၊ တပ်မတော်ဘက်ကမို့ မခန့်ဘူးဆိုတာ မရှိဘူးလေ။ အရေးကြီးတာ တိုင်းပြည်အကျိုး၊ တကယ်ပဲ လုပ်နိုင်တဲ့လူ၊ စွမ်းရည်ရှိတဲ့လူဆိုလို့ရှိရင်ကတော့ ပြည်ထောင်စုအဆင့်မှာ ပါလာမှာပေါ့။ ” လို႔ NLD ဒုဥက္ကဌက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ NLD အစိုးရမှာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဝန်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ စိတ်ကျေနပ်မှု မရှိခဲ့တာကြောင့် အခုအစိုးရရွေးချယ်ရာမှာ ဘယ်လိုရွေးချယ်မလဲဆိုတာတွေကို သတင်းထောက်တွေက မေးမြန်းစဉ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူတွေရဲ့ မကျေနပ်ဘူးဆိုတဲ့ အသံတွေကိုတော့ သက်ဆိုင်ရာ ပို့ပေးခဲ့တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

“ ကျွန်တော်တို့က ပြည်သူ့အသံလည်း နားထောင်ပါတယ်ဆိုတာပြောပြီးပြီပဲ။ အရေးကြီးတာက စွမ်းဆောင်ရည်က ဒါအမြင်တစ်ယောက်နဲ့ တစ်ယောက်မတူဘူးပေါ့နော်။ ပြည်သူတွေအတွက် အကျိုးမပြုဘူး။ စွမ်းဆောင်ရည်နိမ့်ကျတယ်။ အမျိုးမျိုးပြောနေကြတာရှိတယ် ။ ကက်ဘိနက်မှာက ပြည်ထောင်စုအဆင့်မှာက အဖွဲ့လိုက်ထိုင်ရတာ ။ ဝိုင်းဝန်းထိန်းကျောင်းနေတာတွေရှိတယ်ဆိုလိုက်တဲ့အတွက် ဒါကြီးကသူ့မှာ ဘာပြစ်ချက်ရှိတယ်ဆိုတာကို ကျွန်တော်တို့တိုင်းအဆင့်က ပြောလို့မရဘူး။ ပြည်သူတွေမကျေနပ်ဘူးဆိုတဲ့အသံတွေကို ကျွန်တော်တို့ကတော့ သက်ဆိုင်ရာကိုပို့ပေးတာပေါ့နော်။” လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်တွေကို ရွေးချယ်ရာမှာ NLD အပေါ်သစ္စာရှိတဲ့သူ၊ အရည်အချင်းရှိတဲ့သူ၊ ပြည်သူနဲ့ ဆက်ဆံရေးကောင်းရမယ့်သူတွေဖြစ်ရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေသာ စွမ်းဆောင်ရည်ကောင်းမယ်ဆိုပါက နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံဖြိုးရေးက အလိုလိုဖြစ်လာနိုင်တယ်ဆိုတာကြောင့် တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့က အရေးကြီးတယ်ဆိုတာ ပါတီက သတ်မှတ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။


Author


က္က