တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ မဲသမာမှုဖြစ်နိုင်တဲ့ စာရင်းကို (၈) သန်း (၆) သိန်းကျော်စိစစ်တွေ့ရှိထား

တပ်မတော်သားတွေလွှတ်တော်တက်ဖို့ပြင်ဆင်ခြင်းနဲ့ မဲမသမာမှုရလဒ်တွေထုတ်ဖော်ခြင်းက ကဏ္ဍသက်သက်စီဖြစ်ဟု တပ်မတော်ပြော

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ကျင်းပမယ့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်နေခြင်းနဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်နိုင်ကြောင်း တပ်မတော်ရဲ့ ထုတ်ဖော်တင်ပြချက်တွေက ကဏ္ဍသက်သက်စီသာ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဒီကနေ့ ဇန်နဝါရီလ (၂၆)ရက်က နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာမဲစာရင်းတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။



လက်ရှိမှာ တပ်မတော်က (၂၀၂၀) ရွေးကောက်ပွဲမှာ မဲစာရင်းမသမာမှုတွေ ရှိနေတယ်လို့ တောက်လျှောက်ထုတ်ပြန်နေသလို တစ်ဖက်မှာလည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတက်ဖို့ အမည်စာရင်းတင်သွင်းတာ၊ ကိုဗစ်ရှိ/မရှိ ဆေးစစ်တာတွေ လုပ်ဆောင်နေတာတွေ တွေ့ရတာကြောင့် ဒီအကြောင်းအရာနှစ်ခုက ဘယ်လိုကွာခြားသလဲလို့ BBC သတင်းထောက်က မေးမြန်းစဉ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

" ဖြေရှင်းပေးဖို့ အပိုင်းကိုတော့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ အဓိက ကတော့ တပ်မတော်အနေနဲ့ တွေ့ရှိချက်တွေကို ဒီတိုင်း လျစ်လျူရှုပြီး မနေနိုင်ပါဘူး။ ရှင်းလင်းပေးခြင်းမရှင်းလင်းပေးခြင်းက သူတို့အပိုင်းပေါ့။ ဘာဆက်လုပ်မလဲဆိုတာတော့ ပြောပြီးသားဖြစ်တယ်။ လွှတ်တော်တက်ဖို့ပြင်ဆင်နေတဲ့အပိုင်းသည် သူ့အပိုင်းနဲ့သူဖြစ်တယ်။ ဒီအပိုင်းနဲ့ဟိုအပိုင်းကို ‌ရောယှက်ပြီး တွေးလို့မရဘူးလို့ပြောချင်ပါတယ်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။

ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ မဲသမာမှုဖြစ်နိုင်တဲ့ စာရင်းကို (၈) သန်း (၆) သိန်းကျော် စိစစ်တွေ့ရှိထားတယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး အခုလို ထုတ်ပြန်ရတာက ရွေးကောက်ပွဲရလဒ်ကို သံသယကင်းကင်းနဲ့ အသိအမှတ်ပြုလိုပြီး သမိုင်းမှာ တရားခံမဖြစ်လိုတာကြောင့် မဲစာရင်းမှားယွင်းမှုတွေကို ဖြေရှင်းပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေရတာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိမှု၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိမှုတို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက် တပ်မတော်ရဲ့ ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲရလဒ်မဲသမာမှုတွေနဲ့ပတ်သက်ပြီး အစိုးရ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပြီး ဆောင်ရွက်မပေးဘူးဆိုပါက ဥပေဒအရ ဆက်သွားမယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။



က္က