ကိုဗစ်ကပ်ရောဂါဟာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၀ ဒီဇင်ဘာလနှောင်းပိုင်းကစလို့ ကူးစက်မှုကျဆင်းလာပါတယ်။

ဒေသတွင်းမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် တစ်ဦးနှင့်တစ်ဦးအသိပေးခြင်း/သတိပေးခြင်းမိသားစုစီမံချက်ကို လာမယ့်ရက်သတ္တပတ် အတွင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

"တခြားနိုင်ငံတွေမှာ ကိုဗစ်မျိုးစိတ်အသစ်ပေါ်နေတာတွေရှိတယ်၊ ဒါကကျွန်မတို့ဆီကူးမလာဖို့အရေးကြီးတယ်၊ ဒီတော့ကျန်းမာရေးကထုတ်ပြန်ထားတဲ့စည်းကမ်းချက် တွေကို ကျယ်ကျယ်ပြန့်ပြန့်သိပြီးလိုက်နာကြဖို့လိုတယ်ပေါ့၊ New Normal Life မှာ ရောဂါကာကွယ်ရေးနည်းလမ်းတွေနဲ့အညီနေထိုင်သွားနိုင်မှ ရောဂါထိန်းချုပ်နိုင်မှာ ဖြစ်လို့ ဒီစီမံချက်ပြင်ဆင်နေတာပါ" လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဆရာဝန်ကြီးဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။



ဒီစီမံချက်မှာ တစ်ဦးနဲ့တစ်ဦး အချင်းချင်းအသိပေးသတိပေးပြောပြရမယ့်အချက် ၈ ချက်ရှိမှာဖြစ်ပြီး ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက မြို့နယ်ရပ်ကွက်တွေ အလိုက်လှည့်လည်မျှဝေပြောပြပေးသွားမှာဖြစ်ပြီး ထပ်ဆင့်မျှဝေခြင်းဖြင့်ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်းသိရပါတယ်။

ကိုဗစ်ရောဂါဟာ လူတွေနဲ့အတူယှဉ်တွဲရှိနေဦးမှာဖြစ်တာကြောင့် New Normal Life နဲ့နေထိုင်သွားကြဖို့သာရှိတော့တာမှာ ဒီအတွက်လည်း တစ်ဦးနှင့်တစ်ဦးအသိ ပေးခြင်း/သတိပေးခြင်းမိသားစုစီမံချက်နဲ့ အချင်းချင်းမျှဝေသွားဖို့စီစဉ်တာဖြစ်တယ်လို့သိရပြီး ဒီစီမံချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်နဲ့ အမျိုးသားရေးအသွင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

"အရင်လုပ်နေကျ Mask ဝေတာ Pamphlet ဝေတာလိုမဟုတ်တော့ဘူး၊ အသေးစိတ်အချက်တွေပါလာပြီ၊ ဒါကြောင့်မို့လို့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ၊ NGO တွေ က ရပ်ကွက်အလိုက်အောက်ခြေအထိကွင်းဆင်းဆောင်ရွက်သွားရမှာပါ၊ ပြည်သူပူးပေါင်းမှုနဲ့အမျိုးသားရေးအသွင်နဲ့ဆောင်ရွက်သွားရမှာပါ" လို့ ၎င်းကဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၀ ဒီဇင်ဘာလနှောင်းပိုင်းကစလို့ ကူးစက်မှုကျဆင်းလာတာဖြစ်ပြီး ကူးစက်မှုဆက်မဖြစ်စေဖို့နဲ့ထိန်းချုပ်နိုင်ဖို့အတွက် ဒီစီမံချက်ကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က