ဒီကနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံခဲ့ပါတယ်။

ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကြောက်ရွံ့စိုးရိမ်စိတ်တွေ မရှိကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းခဲ့ပြီး ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးများတဲ့ ကာကွယ်ဆေးဖြစ်တာကြောင့် ပြည်သူတွေ အားလုံး ထိုးနှံကြဖို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ(၂၇) ရက်နေ့က ရန်ကုန်တိုင်း ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ ကာကွယ်ဆေးထိုးနှံတာ အားလုံးထိုးနှံစေချင်ပါတယ်။ side effect လည်းအနည်းဆုံးနဲ့ အကျိုးအများဆုံးဆေးဖြစ်တဲ့အတွက် ထိုးနှံကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကာကွယ်ဆေးရရှိမှု အခြေအနေပေါ်မူတည်ပြီး ဦးစားပေးထိုးနှံသွားကြမယ့် အုပ်စုတွေကိုလည်း ခွဲခြားထားတာရှိပါတယ်။ အဲဒါကြောင့် ကိုယ့်အလှည့်ကျတဲ့အထိ ခေတ္တသည်းခံပြီးစောင့်ဆိုင်းပေးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်းက ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း (၂၀၀) နဲ့ ဧရာဝတီကိုဗစ်ကုသရေးစင်တာက ကျန်းမာရေး ဝန်ထမ်း (၁၀၀) ထိုးနှံသွားမှာဖြစ်ပြီး ကျန်တဲ့ဆေးရုံတွေကလည်း ရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေးပမာဏအပေါ်မူတည်ကာ ထိုးနှံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေးပထမဆုံးထိုးနှံသူအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသက် (၅၇) နှစ်အရွယ် သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်းက ထိုးနှံခဲ့တယ်လို့လည်း သိရပါတယ်။ သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်းက သွေးတိုးရောဂါအခံ အနည်းငယ်ရှိပေမယ့် ကာကွယ်ဆေးထိုးချိန်နဲ့ ထိုးပြီးချိန်မှာလည်း နာကျင်မှုမခံစားရဘဲ ထူးထူးခြားခြားလက္ခဏာ ခံစားရတာမျိုးမရှိဘူးလို့လည်း ဆိုပါတယ်။

“ ကျွန်မက သွေးတိုးနည်းနည်းရှိတော့ နေ့တိုင်း ဆေးသောက်တာတော့ ရှိတယ်။ ဒီနေ့ မနက်က ဆေးထိုးမယ်ဆိုတော့ နည်းနည်းလေးစိတ်လှုပ်ရှားတယ်။ကာကွယ်ဆေးထိုးမှာ နာမယ်လို့ ဖတ်ထားရတော့ ကျွန်မက နာမလားစိုးရိမ်တယ်။ အခုထိုးတဲ့အချိန်မှာ လုံးလုံးကို မနာပါဘူးရှင့်” လို့လည်း သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်းက ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးထိုးပြီးပြီးချင်း နာရီဝက်ခန့် အနားယူရမှာဖြစ်ပြီး ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကနေ့မှာတော့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် လေးပတ်အကြာမှာ ပြန်လည်ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်ထိုးပြီးချိန်နဲ့ ဒုတိယအကြိမ်မထိုးခင်ကာလတွေမှာ Mask တပ်တာ၊လက်ဆေးတာ၊ခပ်ခွာခွာနေထိုင်တာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း (၂၅,၄၅၉) ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေး (၂,၈၅၈) လုံးရရှိထားတယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးတစ်လုံးကို ကျန်းမာရေးဝန်ထမ်း (၁၀) ဦးခန့်ထိုးနှံနိုင်တာဖြစ်လို့ ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုဗစ်ကာကွယ်ဆေးလုံလောက်တယ်လို့လည်း ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က