ကိုယ့်နိုင်ငံက ထုတ်တာမဟုတ်လို့ လိုချင်သလောက်လည်း ရနိုင်မှာမဟုတ်တာကြောင့် ဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

ဒီနေ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးပေးတာဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံမှာ ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးတာကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးရောက်ရှိလာပြီး စတင်ထိုးပေးနေပြီဆိုပေမယ့် ဆေးတွေအားလုံးချက်ချင်း ရောက်ရှိလာမှာမဟုတ်တဲ့အပြင် အကန့်အသတ်နဲ့ဝယ်ယူရတာကြောင့် လိုချင်တိုင်းမရနိုင်တဲ့အတွက် ပေါ့ဆမသွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကုတင်တစ်ထောင်ဆေးရုံမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။



ဓာတ်ပုံ- ဆူးနစ်(NPT) ( နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံဝန်းအတွင်း ကျန်းမာရေးဝန်ကြီးများကို ယနေ့ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခြင်း)

“ဒီကြားထဲမှာသတိထားဖို့လိုမယ်။ တချို့တွေကနည်းနည်းပေါ့သွားမှာကိုစိုးရိမ်တယ်။ ဆေးတွေရောက်လာပြီ။ ဆေးတွေ ရောက်လာပြီဆိုတာ ချက်ချင်းနဲ့အားလုံးရောက်လာမှာမဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံကနေထုတ်တယ် ဆိုရင်တစ်မျိုးပေါ့။ ကြိုက်သလောက်သုံးလို့ရတာပေါ့။အခုက အခြားနိုင်ငံက တင်သွင်းရတာ။ အားလုံးက ဝိုင်းပြီးပြန်ဝယ်နေတာ။ ကိုယ်လိုချင် သလောက်လည်း ဖြစ်ခွင့်ရမှာမဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ ။ ။ဘယ်လောက်ပဲပေးရပေးရ ပေးမှာဘဲ။ ပစ္စည်းရှိမှလည်း ရမှလည်းရမှာ။ ဒီအချိန်မှာသတိထားစေချင်တယ်။ အခုဆို ကူးစက်နှုန်းကလည်းကျလာပြီဖြစ်တယ်။ အဲဒါကိုဆက် ထိန်းထားစေချင်တယ် “ လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူအချို့က စိုးရိမ်နေတာဟာ အတွေ့အကြုံမရှိသေးတဲ့အတွက် စိုးရိမ်နေတာ သဘာဝကျပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်ကတော့ သာမန် ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကိုလည်း အသိပေးပြီးဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

“အနာရင်းတာတို့ ၊ ဒါမှမဟုတ် ကိုက်တာခဲတာ ဖျားချင်တာတို့ ဒါက သာမန်ကာကွယ်ဆေး ထိုးရင်တောင်ဖြစ်တတ်ပါတယ်။ ဒါကတော့ အခုဆိုရင် နာရီဝက်လောက်စောင့်ရတယ်။ ဒီကြားထဲမှာရောဂါလက္ခဏာတွေဘာတွေပြလဲကြည့်ပေးမှာပေါ့။ အားလုံးထိုးပြီး နာရီဝက်ထားမယ်။ ထားပြီးတော့ ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ သူ့အခြေအနေကိုမေးကြည့်တယ်မယ်။ နောက်ဒီကြားထဲမှာလည်း စာရွက်ကလေးတွေထုတ် ပေးထားတယ်လေ။ ဘယ်လို ဘယ်လိုရောဂါလက္ခဏာဖြစ်လာပြီဆို စိတ်ပူစရာမလိုဘူး။ ဒါမှမဟုတ် စိတ်ပူစရာလိုတယ်လို့ ကိုယ်ဟာကိုယ် လည်းကြိုသိအောင် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဓာတ်ပုံ- ဆူးနစ်(NPT) ( နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံဝန်းအတွင်း ကျန်းမာရေးဝန်ကြီးများကို ယနေ့ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခြင်း)

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများအား ဒီနေ့ ဇန်နဝါရီ ၂၇ရက်မှ စတင်ကာ ထိုးနှံပေးမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၂၉ရက် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၃၀ရက် ၊ အဲဒီနောက်မှာတော့ ဖေဖော်ဝါရီ ၅ရက်က စတင်ပြီး ပြည်သူတွေနဲ့အတူ ပြည်ထောင်စုအဆင့်၊တိုင်းဒေသကြီး/ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်တွေကို ထိုးနှံပေးခြင်းဖြင့် နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက ပေးအပ်တဲ့ ကာကွယ်ဆေး (၁.၅)သန်းရောက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ကာကွယ်ဆေးတွေထဲက (၂)သန်းခန့်ကတော့ ဖေဖော်ဝါရီ ပထမပတ်မှာ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။



က္က