ဒီအမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်းလည်းငြင်းဆိုထားပါတယ်။
Ei Ei Htun

ဒဂုံဆိပ်ကမ်းမြို့နယ်က လိုတရစက်ရုံပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးဟာ လက်ရှိတရားရင်ဆိုင်နေရတဲ့ အလုပ်ရုံအက်ဥပဒေ (၈၅)နဲ့ တရားစွဲဆိုချက်ကို အပြစ်ရှိကြောင်းဝန်ခံခြင်းမရှိဘဲ ငြင်းဆိုထားသလို တရားလိုဘက်က တင်ပြထားတဲ့စာရွက်စာတမ်းတွေကလည်း အထောက်အထားမခိုင်လုံဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တရားခံတွေဘက်က ဒီအမှုနဲ့ပတ်သက်လို့ ဇန်နဝါရီလ (၁၂)ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ အပြစ်မရှိကြောင်းငြင်းဆိုခဲ့ပြီး ဇန်နဝါရီလ (၁၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာတော့ အမှုအမြန်ပြီးပြတ်အောင် အပြစ်ရှိကြောင်းဝန်ခံချင်တယ်လို့လည်း တရားခွင်မှာထွက်ဆိုခဲ့ပါတယ်။

သို့ပေမယ် ဒီကနေ့ရုံးချိန်းမှာတော့ အမှုနဲ့ပတ်သက်လို့ တရားလိုဘက်က တင်ပြတဲ့ စာရွက်စာတမ်းအထောက်အထားတွေက တရားမဝင်ကြောင်း ထပ်မံငြင်းဆိုခဲ့တာဖြစ်ပါတယ်။

“ အခုက သူတို့ဘက်က အပြစ်ရှိကြောင်းဝန်မခံဘူး။ ဝန်မခံတဲ့အပြင် ကျွန်တော့်ဘက်ကပြတဲ့ စာရွက်စာတမ်းအထောက်အထားတွေကိုပါ တရားမဝင်တဲ့ပုံစံမျိုးပြောတယ်။ ကျွန်တော်တို့က တင်ပြထားတဲ့စာရွက်စာတမ်းတွေက မိတ္ထူမှာ အုပ်ချုပ်ရေးဘက်ကလက်မှတ်ထိုးထားတော့ တရားမဝင်ဘူးပြောလို့ မူရင်းပြန်လုပ်ပေးရမယ်။ နောက်ရုံးချိန်းအမှီ ကျွန်တော်တို့ဘက်ကလည်းလိုအပ်တာတွေလုပ်သွားမှာပါ။ သူတို့ဘက်ကတော့ ဝန်မခံတဲ့အပြင် ငြင်းဆိုမှုပါလုပ်နေတယ်”လို့ ရွေ့ပြောင်းအလုပ်သမားဌာနမှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က Duwun ကို ပြောပါတယ်။

ဒီကနေ့မှာတော့ လိုတရစက်ရုံပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးကို အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ပတ်သက်ပြီး ရုံးချိန်းစစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တရားလိုကို စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ရုံးချိန်းမှာတော့ သက်သေ (၃)ဦးကို စစ်ဆေးသွားမယ်လို့သိရပါတယ်။

နောက်ရုံချိန်းကိုတော့ ဖေဖော်ဝါရီလ (၃)ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

လက်ရှိ အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရတဲ့ လိုတရစက်ရုံပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကို နောက်ထပ် ပုဒ်မ (၃)ခုနဲ့ အမှုထပ်ဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုထပ်ဖွင့်လိုက်တာတွေ လုပ်ငန်းလိုင်စင်မရှိတဲ့အတွက် စည်ပင်ကတရားစွဲဆိုမှု၊ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ အလုပ်သမားရေးရာကော်မတီကတရားစွဲဆိုမှုနဲ့ ဝန်ထမ်းကောင်လေးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ရဲအရေးပိုင်ဘက်ကနေ အလုပ်သမားကိုယ်တိုင်ကတရားစွဲဆိုမှု စုစုပေါင်း ပုဒ်မ (၃)ခုနဲ့ ထပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။



Author


က္က