ထောက်ပံ့ကြေးရရှိဖို့ တောင်းဆိုခဲ့သူတွေ ၊မဖြစ်မနေ ရသင့်ရထိုက်သူတွေကို စာရင်းကောက်ယူခဲ့ပြီး ထောက်ပံ့ငွေပေးတာပါ။

ရန်ကုန်တိုင်းဒေသကြီးမှ ထပ်တိုးစာရင်းကောက်ယူထားတဲ့  အခြေခံ လူတန်းစားတွေကို အိမ်ထောင်စုကို  ငွေကျပ် ၄၀၀၀၀ နှုန်း ထပ်မံထောက်ပံ့ပေးနေပြီဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေကသိရပါတယ်။

 ယခင်က ပေးအပ်ခဲ့တဲ့ ကိုဗစ်ထောက်ပံ့ကြေးရရှိသူ စာရင်းထဲမှာ တစ်ကြိမ်တစ်ခါမှ ပါဝင်ခဲ့ခြင်းမရှိတဲ့ အခြေ ခံလူတန်းစားအိမ်ထောင်စုတွေ၊ ကိုဗစ်ကြောင့်အခက်အခဲရင်ဆိုင်နေရသဖြင့် ထောက်ပံ့ကြေးရရှိဖို့ တောင်းဆိုခဲ့သူတွေ ၊မဖြစ်မနေ ရသင့်ရထိုက်သူတွေကို စာရင်းကောက်ယူခဲ့ပြီး အခုလို ထပ်တိုးစာရင်းနဲ့ ၄၀၀၀၀ ကျပ် ထောက်ပံ့နေတာဖြစ်ပါတယ်။

"ထောက်ပံ့ကြေးတွေပေးနေပါပြီ၊ ကျွန်တော်တို့မင်္ဂလာတောင်ညွန့်ဆို မနက် ၆ နာရီကတည်းက စပြီးပေးနေတာပါ။ အရင်ဟာတွေမှာမရလိုက်လို့ အခက်အခဲတွေရှိတယ် ဆိုပြီးအကြောင်းအမျိုးမျိုးပေါ့။ ကိုဗစ်ကာလရှည်လာတဲ့အတွက်ကြောင့် အဲ့ပေါ်မှာမူတည်ပြီး အခက်အခဲတွေဖြစ်ပေါ်လာတာပေါ့။ ဖြစ်ပေါ်လာတဲ့အိမ်ထောင်စု၊ထပ်တိုးလာတဲ့အိမ်ထောင်စုတွေကိုပဲပေးတာပါ။ မင်္ဂလာတောင်ညွန့်မှာဆိုရင် ထပ်တိုးအိမ်ထောင်စုက ၁၀၀၀၀ ကျော်ရှိပါတယ် ။အရင်ထောက်ပံ့ထားတဲ့သူတွေကို ပေးတာမဟုတ်ဘူး။"လို့ 

မင်္ဂလာတောင်ညွှန့်မြိ့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းကပြောပါတယ်။

ယနေ့ ပုဇွန်တောင်မြို့နမှာ ထောက်ပံ့ငွေပေးအပ်နေစဥ် (ဓာတ်ပုံ - ပုဇွန်တောင်စည်ပင်ဥက္ကဋ္ဌ)

လက်ရှိမှာ ထပ်တိုးအိမ်ထောင်စုတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းကစပြီး သက်ဆိုင်ရာမြို့နယ်က ရပ်ကွက်အလိုက်မှာ ထောက်ပံ့ကြေးတွေ စတင်ပေးဝေနေပြီ ဖြစ်ကြောင်း၊ ခုလိုထပ်တိုးအိမ်ထောင်စုတွေကို ထောက်ပံ့ပေးမှုကြောင့် အခြေခံလူတန်းစားအားလုံး ထောက်ပံ့ကြေး ရရှိပြီး ပြသနာတက်တာတွေ ရှိလာနိုင်ဖွယ်မမြင်တော့ဘူးလို့သိရပါတယ်။

"ကျန်ခဲ့တဲ့သူတွေဆိုပြီးစာရင်းထပ်ကောက်လိုက်တော့ လိူင်သာယာမြို့မှာဆိုရင်ပဲ တော်တော်လေးကို အကုန်လုံး နီးပါးကို ရမယ်လို့ထင်ပါတယ်။အခြေ ခံလူတန်းစားအိမ်ထောင်စုတွေပေါ့၊မဖြစ်မနေပေးသင့်ပေးထိုက်သောသူများပေါ့။ဒီနေ့စပေးတာဆိုတော့ တစ်ရက်ထဲတော့ မပြီးနိုင်ဘူး၊နောက်ရက်တွေပါ ထပ်ပေးရနိုင်ပါတယ်။"လို့ လှိုင်သာယာအရှေ့ပိုင်း ဒုမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။

ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးက အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုပေါင်း  ၂၀၁၁၀၉၅ စုကို ကိုဗစ် ထောက်ပံ့မှုတွေပေးအပ်ဖို့ အတွက် ငွကျပ် ၅၆.၀၇၆၆ ဘီလီယံ ခွင့်ပြုချက်ရရှိထားတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနစာရင်းအရသိရပါတယ်။

 ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပေးတဲ့ အခါအငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ‌ထောက်ပံ့မှုမျိုးဖြစ်ဖို့အတွက် သက်ဆိုင်ရာ အိမ်ထောင်စုတွေဆီ ထောက်ပံ့ငွေေတွေ မှန်မှန် ကန်ကန်ရောက်ရှိအောင် ညွှန်ကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။

COVID-19 ကာလမှာ အစိုးရအနေနဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။



က္က