တစ်ချို့ဆေးရုံတွေမှာဆိုရင် လူနာလုံး၀ မရှိတော့ဟုဆို
Mi Thawdar Aung

ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာ (၁၀၀) အောက်ရောက်ရှိလာတာ (၇) ရက်ခန့်ရှိနေပြီး ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံ (၁၇) ရုံမှာ ကိုဗစ်ပိုးတွေ့လူနာပေါင်း (၁,၀၀၀) ကျော်ကို ကုသမှုပေးခဲ့ရာ ဇန်နဝါရီ (၂၆) ရက်အထိတော့ လူနာ (၂၂၇) ဦးသာ ဆေးရုံတွေမှာ ကျန်ရှိနေတာဖြစ်တယ်လို့ ကိုဗစ်ကုသရေးဌာန (ဖောင်ကြီး) ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။ 

အရင်တုန်းက ကိုဗစ်စင်တာတွေမှာ ကုသနေတဲ့ ကိုဗစ်လူနာ ၉,၀၀၀၊ ၁၀,၀၀၀ ခန့်ရှိခဲ့ရာက အခုအခါမှာတော့ လူနာတွေ တစ်ဖြည်းဖြည်းလျော့နည်းလာတာကြောင့် ကိုဗစ်ကုသရေးစင်တာ (၉) ခုကို ပိတ်သိမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။



ဒါ့အပြင် လက်ရှိ ကုသပေးနေတဲ့ ကိုဗစ်စင်တာ (၆) ခုမှာလည်း လူနာတွေ လျော့ကျလာပြီး စင်တာတွေကို Stand by အနေအထားပိတ်သိမ်းသွားမှာဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ ယခုအခါမှာ ကိုဗစ်စင်တာ (၆)ခုထဲမှာလည်း လျှော့ချပြီးတော့ ကုသမှုပေးလျက်ရှိပါတယ်။ လျှော့ချတာဆိုတာက ဥပမာ ဧရာလိုဟာမျိုးဆိုရင် လူနာ (၆၀၀) လောက်ဆံ့ပေမယ့် ယခုဆိုရင် လူနာ (၃၀၀) လောက်နဲ့ပဲ ကုသမှုပေးနေတာ ဖြစ်ပါတယ်။ Stand By အနေအထားနဲ့ ပိတ်သိမ်းနေခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ In Case တကယ်လို့များ လိုအပ်ခဲ့ရင် ပြန်လည်ပြီး ဖွင့်လှစ် ကုသနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက နေ့စဉ် ရန်ကုန်ရဲ့ကိုဗစ်ကူးစက်မှုအခြေအနေကို နိုင်ငံပိုင်မီဒီယာတွေကတဆင့် အသိပေးပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

တစ်ချို့ဆေးရုံတွေမှာဆိုရင် လူနာလုံး၀ မရှိတော့တဲ့ ဆေးရုံတွေပါ ရှိလာတာကြောင့် နောက်ဆုံးမှာ လူနာတွေ ထပ်မံပြီး တစ်ဖြည်းဖြည်းလျော့ကျလာမယ်ဆိုပါကလည်း ဝေဘာဂီကူးစက်ဆေးရုံတစ်ခုတည်းကိုသာ ကိုဗစ်လူနာတွေ ကုသပေးမယ့် ဆေးရုံအဖြစ် ထားရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရန်ကုန်ုတိုင်းအစိုးရအနေနဲ့ ပုဂ္ဂလိကဆေးရုံနဲ့ ဓာတ်ခွဲခန်းအချို့မှာဆိုရင်လည်း ကိုဗစ်စစ်ဆေးခွင့်နဲ့ ကုသခွင့်ပေးထားရာမှာ ပြီးခဲ့တဲ့ တစ်ပတ်က ပုဂ္ဂလိကကဏ္ဍက ဆေးရုံမှာ အတွင်းလူနာပေါင်း (၇၀) ကျော်ရှိခဲ့ပေမယ့် ဇန်နဝါရီ (၂၆) ရက်မှာတော့ လူနာ (၃၉) ဦးသာ ကျန်ရှိတော့တာဖြစ်တာကြောင့် ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ကိုဗစ်စစ်ဆေးမှုနဲ့ ပိုးတွေ့ရှိမှု လျော့ကျလာတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က