ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေထိခိုက်မှုမရှိအောင် ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော်အသုံးပြုခဲ့ဟုဆို
Htar Htar Wai

ပြည်သူတွေကျန်းမာ ၊ ချမ်းသာမှ နိုင်ငံလုံခြုံတိုးတက်နိုင်မှာဖြစ်လို့ ကာကွယ်ဆေးထိုးနိုင်တာဟာ ကျန်းမာရေးအတွက်တင်မက စိတ်လည်းသက်သာကြတာမို့ ကာကွယ်ဆေးထိုး အစီအစဉ် အောင်မြင်ဖို့ ပြည်သူတွေ ကူညီပူးပေါင်းကြဖို့ နိုင်ငံတော်အတိုင်ပင်ခံက အသိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ (၂၈) ရက် ထုတ်လွှင့်တဲ့ ပြည်သူသို့အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။



“ပြည်သူတွေအနေနဲ့ ကျွန်မတို့နိုင်ငံအတွက် ၊ နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်နေတာပဲ။ ပြည်သူတွေကျန်းမာမှ၊ ပြည်သူတွေချမ်းသာမှ နိုင်ငံက လုံခြုံမယ်၊ တိုးတက်မယ်။ ပြည်သူတွေသာ အဓိက ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့” လို့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွေ၊ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေထိခိုက်မှုမရှိအောင် လုပ်ဆောင်ရာမှာ နိုင်ငံတော်က ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် အသုံးပြုခဲ့ပြီးပြီ ဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ချေးငွေထဲက ဘီလီယံ တစ်ထောင်ကျော်၊ ရွှေ့ပြောင်းရန်ပုံငွေထဲက တစ်ထောင်ကျော် ၊ သဘာဝဘေးအန္တရာယ်ရန်ပုံငွေထဲက ဘီလီယံငါးဆယ်ကျော်နဲ့ အားလုံးပေါင်း ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဆူးနစ်(NPT) ကာကွယ်ဆေးထိုးနှံသည့် ကျန်းမာရေးဝန်ထမ်းတွေကို နိုင်ငံတော်အတိုင်ပင်ခံ လာရောက်ကြည့်ရှုစဉ်

"ကိုဗစ်ရန်ကို ကာကွယ်တယ်ဆိုရာမှာ ရောဂါတစ်ခုတည်းကိုပဲ ကာကွယ်ရတာမဟုတ်ပါဘူး။ သူရဲ့အကျိုးဆက်တွေ ၊ ပြည်သူတွေရဲ့ ဘဝအပေါ်ထိခိုက်နိုင်တဲ့ စီးပွားရေးအကျိုးဆက်တွေကို ကြည့်ရပါတယ်။အဲဒါနဲ့ပတ်သက်ရင် နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေထိခိုက်မှုမရှိအောင် တတ်နိုင်သမျှ ပံ့ပိုးတဲ့ငွေပမာဏ တော်တော်များလာပါပြီ။ အကြမ်းအားဖြင့် ချေးငွေထဲကဆိုရင် ဘီလီယံတစ်ထောင်ကျော် ၊ နောက်ပြီး ရွှေ့ပြောင်းရန်ပုံငွေထဲကဆိုရင် ဘီလီယံတစ်ထောင်ကျော် ၊ သဘာဝဘေးအန္တရာယ်အတွက်ကဆိုရင် ဘီလီယံငါးဆယ်ကျော် အားလုံးဆိုရင် ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် သုံးခဲ့ပြီးဖြစ်ပါတယ်။လိုအပ်သလိုလည်း ဆက်ပြီးတော့ သုံးသွားမှာပါ " လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ကိုဗစ်ကိုထိန်းချုပ်တဲ့နေရာမှာ တဖြည်းဖြည်းတိုးတက်လာပေမယ့်လည်း နှေးနေသေးတာကြောင့် ပိုးကူးစက်မှု လျော့ကျနေတဲ့အနေအထားကို ဆက်လက်ထိန်းသိမ်းရမယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာ ကူးစက်မှု ကျလာတာက စိတ်သက်သာရာရစေပြီး လူဦးရေထူထပ်ပြီး ကူးစက်လွယ်တဲ့ အခြေအနေရှိတဲ့ ရန်ကုန်မှာ ကျလာတာက အားတက်စရာပဲ ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။



Author


က္က