ပြည်အကျဉ်းထောင်ထဲမှာ ကိုဗစ်ပိုးတွေ့လူနာ (၄၀) ဦးအထိရှိလာပြီဖြစ်ပါတယ်။

ပထမအကြိမ် ဆေးစစ်မှုမှာ Negative အဖြေထွက်ရှိခဲ့တဲ့ ပြည်မြို့အကျဉ်းထောင်က  အကျဉ်းသား (၁၈)ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ 

ပြည်မြို့ကနေရန်ကုန်ကို ဓာတ်ခွဲနမူနာ(၂၃၁)ဦးကို ပေးပို့စစ်ဆေးခဲ့ရာ အဲ့ဒီထဲကမှ  လယ်ယာသုံးစက်ပစ္စည်းဆိုင်က ဝန်ထမ်း (၂)ဦးနဲ့ အကျဉ်းထောင်က အကျဉ်းသား (၁၈)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း ဇန်နဝါရီလ (၂၈) ရက်နေ့မှာထပ်မံသိရှိခဲ့ရတာဖြစ်ပါတယ်။ 



ဒါကြောင့် အခုဆိုရင် ပြည်အကျဉ်းထောင်ထဲမှာ အကျဉ်းသား (၃၉) ဦးနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်း (၁) ဦး အားလုံးပေါင်း ကိုဗစ်ပိုးတွေ့လူနာ (၄၀) ဦးအထိရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

"ပြည်အကျဉ်းထောင်က ပထမပိုးတွေ့တဲ့အသုတ်က Test Kitနဲ့စစ်တာ။ အဲ့ဒါကို ဒုတိယအသုတ် ရန်ကုန်ကိုပို့ပြီးစစ်တော့ positive ထွက်တာပါ။ အကျဉ်းထောင်ထဲမှာပဲသီးခြားအဆောင်မှာထားပြီး ကုသမှုပေးထားတယ်။"လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။

ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ပြည်အကျဉ်းထောင်က  အချုပ်သား (၂) ဦး နေမကောင်းသဖြင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းကို သိရှိခဲ့ပြီးနောက် အကျဉ်းထောင်တွင်း ထိစပ်သူတွေကို ပထမအကြိမ် RDT နဲ့ စစ်ဆေးခြင်း၊ ဒုတိယအကြိမ် PCR စနစ်နဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့မှုအရ Negative ထွက်ထားတဲ့ အကျဉ်းသား ၁၈ ဦးမှာ ပိုးရှိကြောင်းထပ်မံသိရှိခဲ့ရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်အကျဉ်းထောင်က ထောင်ပိုင်ဦးမြသောင်းကို ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့က မြို့နယ်ကျန်းမာရေးဦးစီးဌာနကညွန်ကြားတဲ့အတိုင်း အကုန်လုံးပြည့်ပြည့်စုံစုံဆောင်ရွက်ထားပါတယ်။ "လို့ ပြောပါတယ် ။

လက်ရှိမှာတော့ အကျဉ်းထောင်အတွင်း စစ်ဆေးတွေ့ရှိထားတဲ့ ကိုဗစ်ပိုးတွေ့ အကျဉ်းသား (၃၉) ဦးနဲ့ ဝန်ထမ်းကို ပြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးနေတာရှိသလို၊့ အကျဉ်းထောင်ထဲမှာ သီးခြားခွဲထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့သိရပါတယ်။ ပြည်အကျဉ်းထောင်ကိုတော့ ကိုဗစ်ပိုးစတင်တွေ့ရှိတဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ထဲက အသွားအလာကန့်သတ်ထားလိုက်ပြီး၊ထောင်ဝင်စာတွေ့ခွင့်ကိုတော့ ယခင်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က