နောက်ထပ် (၁)လထပ်တိုးခဲ့တာပါ။
Ei Ei Htun

ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရန်ဆက်လက်လိုအပ်နေသေးတာကြောင့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များကို ဖေဖော်ဝါရီလကုန်ထိ နောက်ထပ် (၁)လ ထပ်မံတိုးမြှင့်ကြောင်း ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီက ဇန်နဝါရီလ (၂၉)ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။



ဖြေလျှော့ပေးထားတဲ့ကိစ္စရပ်တွေကလွဲလို့ ကျန်တဲ့ စည်းကမ်းသတ်မှတ်ချက်အားလုံးကို (၁)လတိတိထပ်မံတိုးမြှင့်ခဲ့တာပါ။

ကနဦး ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို ဇန်နဝါရီ (၃၁) ရက်ထိသာ သတ်မှတ်ထားတာဖြစ်ပြီး ယခု ဖေဖော်ဝါရီ (၂၈)ထိထပ်မံတိုးမြှင့်ခဲ့ပါတယ်။ 

ကိုဗစ်သတ်မှတ်ချက်ထဲမှာ အကျုံးဝင်တဲ့ စည်းကမ်းချက်တွေအနေနဲ့ကတော့ ပြည်ပလေကြောင်းလိုင်းတွေဆက်လက်ပိတ်ထားရေး၊ စားသောက်ဆိုင် (stay at home မြို့များတွင်)၊ ဘုရားစေတီတွေနဲ့ ကေတီဗီ ၊ နိုက်ကလပ်တွေကို လည်း ဆက်လက်ပိတ်ထားရေးနဲ့ လူ (၅၀)ဦးထက်ပိုပြီးစုဝေးခွင့်မပြုတဲ့ ကိစ္စတွေလည်းပါဝင်ပါတယ်။

ယခင်ကပြည်တွင်းလေကြောင်းလိုင်းတွေပိတ်ထားရေးလည်း စည်းကမ်းသတ်မှတ်ချက်ထဲမှာပါဝင်ပြီး ကိုဗစ်ကူးစက်လူနာတဖြည်းဖြည်းလျော့နည်းလာတဲ့အခါမှာတော့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

ယခုနောက်ပိုင်း နိုင်ငံတွင်းပြည်တွင်းကူးစက်လူနာအရေအတွက်က သိသိသာသာကျဆင်းလာပေမယ့်လည်း ရောဂါကူးစက်မှုနှုန်းဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် စည်းကမ်းချက်တွေကိုသက်တမ်းထပ်တိုးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကာကွယ်ဆေးရောက်ရှိလာပြီဖြစ်လို့ ရရှိလာတဲ့ကာကွယ်ဆေးပေါ်မူတည်ပြီး ပြည်သူအားလုံးကိုလည်း ဦးစားပေးအဆင့်လိုက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



Author


က္က