ထီလက်မှတ်တွေကို ဈေးတက်ရောင်းချမှုရှိ မရှိ လစဉ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ye Yint Htay

ထီလက်မှတ်ဈေးပိုပြီးရောင်းခဲ့တဲ့ ထီလုပ်ငန်းရှင်အပါအဝင် စာချုပ်ဖောက်ဖျက်တဲ့ ထီလုပ်ငန်းရှင် ၄,၀၀၀ ကျော်ဆီက ဘဏ္ဍာငွေအဖြစ် ငွေပမာဏသိန်းပေါင်း ၆,၀၀၀ ကျော်ကိုသိမ်းဆည်းခဲ့တယ်လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန်ကြားရေးမှူးဦးညီညီလှိုင်မှပြောပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ အရေးယူမှုဖြစ်ကြောင်း၊ နောက်ပြီးအဲ့ဒီလုပ်ငန်းရှင်တွေရဲ့ ထီစာအုပ်ဝယ်ယူခွင့်နှစ်ဆယ့်ခြောက်သိန်းကိုးသောင်းကျော်ကိုပြန်လည်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။



"စာချုပ်ဖောက်ဖျက်လို့အရေးယူခဲ့တာ ထီလုပ်ငန်းရှင် ၄,၁၈၃ ယောက်၊ဝယ်ယူခွင့်ဖျက်သိမ်းခဲ့တဲ့ ထီစာအုပ်က နှစ်ဆယ့်ခြောက်သိန်းကိုးသောင်းကျော်၊ ဘဏ္ဍာသိမ်းရငွေက သိန်းပေါင်း၆,၃၄၀ကျော်ရှိတယ်။ ကိုဗစ်ပထမလှိုင်းတုန်းက ၁၅ကြိမ်မြောက်၊၁၆ ကြိမ်မြောက်အောင်ဘာလေထီမှာကိုဗစ်ကြောင့်ထီလုပ်ငန်းရှင်တွေထီစာအုပ်လာမထုတ်နိုင်ခဲ့ဘူး။အဲ့ဒီဟာက ထီအုပ်ရေ နှစ်ဆယ့်လေးသိန်းရှစ်သိန်းကျော်၊၂၆ သိန်းကျော်ထဲကနေနှုတ်လိုက်ရင် ကျန်တဲ့ဟာက အမှန်တကယ် စည်းကမ်းဖောက်ဖျက်လို့အရေးယူခဲ့တာတော့ နှစ်သိန်းတစ်သောင်း ကျော်ရှိတယ်။"လို့ ဦးညီညီလှိုင်ကပြောပါတယ်။

ဒါ့ကြောင့်အောင်ဘာလေ ထီလက်မှတ်တွေကို နိုင်ငံတော်ကသတ်မှတ်တဲ့ ဈေးထက်ပိုပြီး ရောင်းချတဲ့ ထီလုပ်ငန်းရှင်တွေကို အရေးယူမှုအဖြစ် ထီဝယ်ယူဖို့ပေးသွင်းထားတဲ့ အာမခံကြေးတွေကိုသိမ်းဆည်းခြင်း၊ ထီဝယ်ယူခွင့်စာအုပ်တွေပြန်လည်သိမ်းဆည်းခြင်းကိုလုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီး ထီလက်မှတ်တွေကို ဈေးတက်ရောင်းချမှုရှိမရှိအပေါ် အောင်ဘာလေသိန်းဆုဌာနက တာဝန်ရှိသူတွေ၊ အခွန်ဦးစီးဌာနက ဝန်ထမ်းတွေဟာလစဉ်စစ်ဆေးမှုတွေကိုလုပ်ဆောင်မှုရှိကြောင်း၊ ထီလက်မှတ် ဈေးတက်ရောင်းချကြောင်းသတင်းရရှိပါကလည်း စာချုပ်ဖောက်ဖျက်မှုနဲ့ စာချုပ်ပါစည်းကမ်းအတိုင်းအရေးယူနေတယ်လို့ဆိုပါတယ်။

၂၄ ကြိမ်မြောက် ၁,၀၀၀တန်အောင်ဘာလေထီဆုဖွင့်ပွဲကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ထီဖွင့်ပွဲမှာ ပုံမှန်ချီးမြှင့်နေတဲ့ ထီဆုတွေအပြင် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းထားတဲ့ ငွေတွေထဲကမှ ငွေကျပ် သန်း၂၅၀ကို ဆုပေါင်း ၂,၂၂၄ ဆု အဖြစ်ခွဲဝေပြီး ထပ်တိုးချီးမြှင့်သွားမယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က