ကျိုင်းတုံတက္ကသိုလ်ကို အသစ်ရောက်လာတဲ့ ဆရာမသုံးယောက်ပါ။
Ei Ei Mar

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်က ကျိုင်းတုံ-မိုင်းဆတ်သွားကားလမ်းမှာ ဇန်နဝါရီ ၃၁ ရက်နေ့လယ်ပိုင်းက ဘုရားဖူးသွားတဲ့ကိုယ်ပိုင်ယာဥ် ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့တာကြောင့် ကျိုင်းတုံတက္ကသိုလ်ကို အသစ်ရောက်လာတဲ့ ဆရာမသုံးယောက်သေဆုံးခဲ့ပါတယ်။

ဖြစ်စဥ်ကတော့ နေ့လယ် ၁ နာရီလောက်က ကျိုင်းတုံ-မိုင်းဆတ်သွားကားလမ်းရဲ့ သာယာကုန်းကျေးရွာနားက ရှစ်မိုင်လမ်းဆုံမှာ ယာဥ်မောင်း(နာမည်၊အသက်၊နေရပ်လိပ်စာ)စီစစ်ဆဲ မောင်းပြီး အမျိုးသား လေးယောက်နဲ့အမျိုးသမီးငါးယောက်လိုက်ပါလာတဲ့ ကိုယ်ပိုင်ယာဥ်ဟာ အခင်းဖြစ်နေရာအရောက်မှာ ဘရိတ်ပေါက်သွားပြီးအရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်သွားခဲ့ပါတယ်။

"ကျိုင်းတုံတက္ကသိုလ်ကို အသစ်ရောက်လာတဲ့ ဆရာ၊ ဆရာမတွေကို ဘုရားဖူးလိုက်ပို့တာလို့ သိရတယ် တောင်ပေါ်က ဗျူးပွိုင့်ကနေပြန်အဆင်းမှာဖြစ်သွားတာပါ။ ဘရိတ်ပေါက်သွားတော့ တောင်အဆင်းလည်းတောင်အဆင်းဆိုတော့ အရှိန်ကထိန်းလို့မရတော့ဘဲမှောက်သွားတာပါ။ ဆရာမတွေက ရောက်လာတာ သိပ်မကြာသေးပါဘူး"လို့ အခင်းဖြစ်စဥ်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့တဲ့ ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ - MFSD

အဲဒီ ဖြစ်စဥ်ကြောင့် ဆရာမသုံးယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ ထိခိုက်ဒဏ်ရာတွေရပြီး သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့ အမျိုးသားလေးယောက်နဲ့ အမျိုးသမီးနှစ်ယောက်၊ ကားသမားကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာကြောင့် သေဆုံးသွားတဲ့ ဆရာမသုံးယောက်ရဲ့ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီကယ်ဆယ်ရေးအသင်းကားတွေနဲ့ ကျိုင်းတုံမြို့နယ်၊ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြပါတယ်။

ဖြစ်စဥ်မှာ ကားကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့ပြီး ယာဥ်ရဲ့ကြံ့ခိုင်မှုကို သေချာမစစ်ဆေးဘဲ မောင်းနှင်ခဲ့တဲ့ ကားမောင်းသမားကို ကျိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က