ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ပါတယ်။
Mi Thawdar Aung

နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ပြီး နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း မြဝတီရုပ်သံလိုင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) အရ ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်ကြောင်း၊ နိုင်ငံတော်၏ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေက တာဝန်ယူမှာဖြစ်ကြောင်း ကြေညာလိုက်တာပါ။



မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း ၊ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည့်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေကြောင်း ထုတ်ပြန်ကြေညာထားတာပါ။

၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိကြောင်း၊ အဆိုပါ ပြဿနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာလိုက်တယ်လို့ ဆိုပါတယ်။

မဲစာရင်းများစစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်တယ်လို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


Author


က္က