ပြည်သူအများအပြား ဘဏ်တွေမှာ ၊ အေတီအမ်စက်တွေရှေ့မှာ တန်းစီနေ

ဒီနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး ပုဂ္ဂလိက ဘဏ်တွေ အားလုံး တညီတညွှတ်တည်း ယာယီပိတ်ထားဖို့အတွက် မြန်မာနိုင်ငံ ဘဏ်များအသင်းက ကြေညာလိုက်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ဘဏ်တွေမှာ ငွေကြေးဝန်ဆောင်မှုပေးနေတဲ့ System Unavailable ဖြစ်နေခြင်း၊ Internet Connection တွေမကောင်းခြင်းတို့ကြောင့် ဘဏ်တွေမှာ ငွေကြေးဝန်ဆောင်မှု ပေးဖို့ အဆင်မပြေတာကြောင့် မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်တွေအနေနဲ့ ယာယီပိတ်ထားဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။



ဘဏ်တွေ ယာယီပိတ်ထားခွင့်ကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ဆက်လက်တင်ပြပြီး ဘဏ်တွေ ပြန်လည်ဖွင့်လှစ်မယ့် ရက်တွေကို ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်ခံယူပြီး ပြန်လည်ကြေညာပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် System တွေပြန်လည်အသုံးပြုလို့ ရလာပါက Internet Connectionတွေ ပြန်လည်ကောင်းမွန်လာပါက ဘဏ်တွေအားလုံး တပြေးညီပြန်လည်ဖွင့်လှစ်ဖို့ ကြိုတင်အကြောင်းကြားပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘဏ်များအသင်းက ညွှန်ကြားချက်အရ မြန်မာတစ်နိုင်ငံလုံးက ကမ္ဘောဇဘဏ်ခွဲတွေအားလုံးကိုလည်း ယာယီပိတ်ထားမှာဖြစ်တယ်လို့ ကမ္ဘာဇဘဏ်က ကြေညာထားပြီး KBZ pay ATM iBanking mBanking တို့လည်း ယာယီပြတ်တောက်မယ်လို့ အသိပေးထားပါတယ်။

ဒီနေ့ မနက်ပိုင်းက စပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာတစ်နိုင်ငံလုံးနီးပါး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဈေးဝယ်စင်တာတွေ၊ ဈေးတွေမှာလည်း လူအများအပြား ကုန်ပစ္စည်းဝယ်ယူစုဆောင်းမှုတွေကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်လပ်မှုတွေလည်း ကြုံခဲ့ရပါတယ်။



က္က