နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းမှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ထိန်းသိမ်းခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် အယောက် (၃၀၀)ကျော်ရှိပြီး မနက်ကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်သွားတာကြောင့် လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ အနေအထားတွေကိုတော့ ဘာမှမသိရှိရသေးဘူးလို့ အထိန်းသိမ်းခံလွှတ်တော်အမတ်တစ်ဦးက ဆိုပါတယ်။
“ စည်ပင်ရိပ်သာအပြင်မှာ တပ်ကဝိုင်းထားတယ်။ အထဲကိုတော့ ဘာမှမပြောသေးဘူး။ ကျွန်တော်တို့လည်းဒီတိုင်းပဲရှိနေတယ်။ အထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် (၃၀၀)ကျော်လောက်ရှိတယ်။ မနက်ကတည်းက ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေပြတ်သွားတော့ ဘာအဆက်အသွယ်မှမရှိဘူး။ ပါတီဘက်ကလည်း ဘာမှပြောတာမျိုးမရှိသေးဘူး”လို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာရောက်ရှိနေတဲ့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၁)ရက်နေ့က တတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်ကျင်းပမယ့်နေ့လည်းဖြစ်ပြီး ဒီကနေ့မနက်ပိုင်းကစတင်ကာ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
လတ်တေလောမှာတော့ နိုင်ငံရေး အရေးအပေါ်အခြေအနေအဖြစ်ကြေညာထားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေတဆင့် ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။