ရွေးကောက်ပွဲပြန်ကျင်းပပြီး အနိုင်ရနိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။
Ei Ei Htun

လက်ရှိနိုင်ငံရေးအခြေအနေအရ အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲပြန်ကျင်းပပြီးမှာသာ အနိုင်ရနိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နိုင်ငံရေး အရေးအပေါ်အခြေအနေအဖြစ်ကြေညာထားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မြဝတီရုပ်သံက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



လက်ရှိထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကလည်း နိုင်ငံတစ်ဝှမ်းမှာ အကျိုးသက်ရောက်မှုရှိပြီး အမိန့်ထုတ်ပြန်တဲ့ ဒီကနေ့ကနေ တစ်နှစ်သတ်မှတ်ထေားကြောင်းသိရပါတယ်။ အရေးပေါ်အခြေအနေသတ်မှတ်ချက် တစ်နှစ်ပြည့်မှ ရွေးကောက်ပွဲကို ပြန်ကျင်းပမှာလည်းဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဒီကနေ့မနက်ပိုင်းကပဲ လက်ရှိအနိုင်ရပါတီမှ သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ကာ ဒုသမ္မတကို ယာယီသမ္မတ ဦးမြင့်ဆွေအဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက် တပ်မတော်ကို အာဏာလွှဲအပ်ကြောင်း မြဝတီရုပ်သံလိုင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလိုလုပ်ဆောင်ရခြင်းက ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် အခုလိုလုပ်ဆောင်ရခြင်းဖြစ်ပြီး မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။


Author


က္က