မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစားလိုက်နာကြဖို့ မြန်မာတပ်ခေါင်းဆောင်တွေကို တောင်းဆိုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရခေါင်းဆောင် အများအပြား၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သတင်းတွေကြောင့် အကြီးအကျယ်စိုးရိမ်သောကရောက်ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေအားလုံးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ နိုဝင်ဘာ (၈)ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစားလိုက်နာကြဖို့ မြန်မာတပ်ခေါင်းဆောင်တွေကို တောင်းဆိုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။



အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံဖြိုးမှု ကိုလိုလားတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အတူ ရပ်တည်လျက်ရှိပါကြောင်း တပ်မတော်အနေနဲ့ အခုလို ပြုမူဆောင်ရွက်မှုတွေကို ချက်ချင်းနောက်ပြန်ဆုတ်ရမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတာပါ။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ အစိုးရအဖွဲ့ဝင်များကို ပြန်လွှတ်ပေးဖို့နဲ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့ အမေရိကန်သမ္မတရုံးက ယနေ့မှာ ချက်ချင်း တုံ့ပြန်သတိပေးထားပါတယ်။

"မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်ရန်ကြိုးစားခြင်း (ဒါမှမဟုတ်) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုကို ကြန့်ကြာအောင်ကြိုးစားခြင်းကို အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ပါတယ်။ အဲဒီလုပ်ရပ်တွေကို မပြောင်းလဲဘူးဆိုရင် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်သွားမှာပါ" လို့ အမေရိကန် သမ္မအိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံကို အရေးအပေါ်အခြေအနေအဖြစ် တစ်နှစ်သတ်မှတ်လိုက်ပြီး နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်‌ရေး ဦးစီးချုပ်ကို အပ်နှံလိုက်ကြောင်းကြေညာထားပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။



က္က