မန္တလေးမြို့ရဲ့မြို့တွင်းအခြေအနေကတော့ ဒီကနေ့ ညနေပိုင်းမှာ တည်ငြိမ်နေ

တပ်မတော်က ဒီနေ့ မနက်ပိုင်းက နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက်ပိုင်း (၈) နာရီကြာတဲ့အထိ ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့တစ်ခုလုံးနဲ့ အဆက်အသွယ်ပြတ်နေပြီး အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို နေအိမ်တွေမှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ ရှိနေပြီး ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းရဲ့ သမီးဖြစ်သူကလည်း သူမရဲ့ ဖခင်ကို ဒီကနေ့ မနက် (၅) နာရီမှာ တပ်မတော်က လာခေါ်သွားတယ်လို့လည်း Duwun ကိုအတည်ပြုပြောပါတယ်။



လက်ရှိမှာတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို တပ်မတော်ကလုံခြုံရေးယူထားပြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးတွေရဲ့ နေအိမ်ခြံဝင်းကိုလည်း လုံခြုံရေး ခပ်ထူထူချထားတာတွေ့ရတယ်လို့ Duwun ရဲ့မန္တလေးသတင်းထောက်ရဲ့ သတင်းပေးပို့မှုအရသိရပါတယ်။

မန္တလေးမြို့ရဲ့မြို့တွင်းအခြေအနေကတော့ ဒီကနေ့ ညနေပိုင်းမှာ တည်ငြိမ်နေပြီး ကုန်ဈေးနှုန်း အနည်းငယ်တက်သွားတာကလွဲလို အသွားအလာမပြတ်ရှိနေကြတယ်လို့လည်း သိရပါတယ်။ ဘဏ်တွေရဲ့အခြေအနေကတော့ မနက်ပိုင်းဘဏ်ဖွင့်ချိန်လောက်ပဲ လူဝင်လူထွက်အနည်းငယ်ရှိခဲ့ပြီး နောက်ပိုင်း ဘဏ်တံခါးတွေကိုပိတ်ထားတာကိုတွေ့ရပါတယ်။



က္က