လာခေါ်မယ်ဆိုရင် လိုက်သွားလို့ရအောင် အဆင်သင့်ပြင်ဆင်ထားဟုဆို
Mi Thawdar Aung

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂) အတွင်းမှာ ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကနေ့ ည (၈) နာရီဝန်းကျင်မှာ စစ်တပ်က လာခေါ်မယ်လို့သတင်းရထားတယ်လို့သိရပြီး လွှတ်တော်အမတ်တွေကတော့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“ လက်ရှိ အခြေအနေကတော့ စည်ပင်ရိပ်သာ (၂) ထဲမှာရှိတဲ့ ကိုယ့်ရဲ့ အဆောင်အခန်းမှာ ရှိပါတယ်။ လာခေါ်မယ်လို့တော့ ကြားနေတာပဲ။ အားလုံးက ကိုယ့်အထုပ်ပိုးနဲ့ကိုယ် ယူစရာရှိတာတွေ အကုန်လုံးပြင်ဆင်ထားပါတယ်။ မနက်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်။ လာခေါ်မယ်ဆိုရင် လိုက်သွားလို့ရအောင် အဆင်သင့်ပြင်ဆင်ထားပါတယ်။” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက Duwun ကိုပြောပါတယ်။




ဒီကနေ့ ဖေဖော်ဝါရီလ (၁) ရက်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်အယောက် (၃၀၀) ကျော်ကို ဒီကနေ့ မနက်ပိုင်းမှာပဲ တပ်မတော်က စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ထိန်းသိမ်းထားလိုက်ပြီး ဒီကနေ့ ညမှာတော့ လာရောက်ခေါ်ဆောင်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

“ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတွက် စိတ်ပူနေတဲ့ မိဘပြည်သူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ မိဘပြည်သူတွေကို တတ်နိုင်သလောက် ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုအတိုင်းပဲ သွားမယ်ဆိုတာကို မိဘပြည်သူတွေကို သတင်းပါးချင်ပါတယ်။ မိဘပြည်သူတွေလည်း ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ တတ်နိုင်သလောက် အိမ်ထဲမှာ နေကြဖို့ပါပဲ။” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

တပ်မတော်က ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံအကြီးအကဲ ထိပ်သီးခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ပြီး နိုင်ငံတော် အာဏာ လွှဲပြောင်းရယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့တွေကို နေအိမ်မှာ ထိန်းသိမ်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်မှာပဲ ရှိနေနပြီး မကြာခဏ ခြံတွင်းလမ်းဆင်းလျှောက်တယ်လို့ သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုပြန်ကြားရေး ဦးကြည်တိုးကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။


Author


က္က