ဖမ်းဆီးထိန်းသိမ်းထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
Ei Ei Htun

တပ်မတော်အနေနဲ့ လက်ရှိအနိုင်ရပါတီခေါင်းဆောင်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတဲ့လုပ်ရပ်က နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သမိုင်းကို ညစ်နွမ်းစေတဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အခုလိုအာဏာသိမ်းတဲ့လုပ်ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်တဲ့အပြင် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားများရဲ့ အချုပ်အခြာအာဏာကိုလည်းမျက်ကွယ်ပြုခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။



ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အပါအဝင် ဖမ်းဆီးထားတဲ့သူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ၂၀၂၀အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်ကိုအသိအမှတ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူခြင်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်တို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

တပ်မတော်အနေနဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေးကျင်းပချိန်မတိုင်ခင် ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက်အေစာပိုင်းမှာ လက်ရှိအနိုင်ရပါတီမှ သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အာဏာလွှဲပြောင်းရယူကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ညနေပိုင်းမှာတော့ လက်ရှိအနိုင်ရပါတီတွေရဲ့ ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ဝင်တွေကိုရာထူးမှရပ်စဲကာ ဝန်ကြီးနေရာများကိုပြောင်းလဲတာဝန်ပေးခန့်အပ်မှုတွေကိုလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


Author


က္က