ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတော့ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။
Ei Ei Mar

ယနေ့မနက်ပိုင်းတွင် မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများအား တပ်မတော်မှထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံကနေ သိရပါတယ်။

“လက်ရှိအခြေအနေကတော့ မနေ့က မနက်(၅နာရီ)လောက်က ကျွန်တော့်ကို လာခေါ်ပြီးတော့ တောင်တွင်းဘက်က ဆပ်သွား စစ်တပ်ဘက်ကိုခေါ်သွားပါတယ်၊ ဟိုမှာ၁နာရီလောက် သူတို့ တည်းခိုရိပ်သာမှာ နေခိုင်းပြီး မကွေးပြန်ရမယ်ဆိုပြီးပြန်လွှတ်လိုက်တာပါ၊ မနေ့က မနက် (၁၀နာရီ ၄၅မိနစ်) လောက်ပြန်ရောက်ပါတယ်၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌကြီးတော့ ပြန်မရောက်သေးပါဘူး၊ ကျန်တဲ့ဝန်ကြီးတော်တော်များများတော့ရောက်ပါပြီ။ အတိအကျတော့မသိရသေးပါဘူး"လို့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ယနေ့ဖေဖော်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် ပြောပါတယ်။



လက်ရှိတွင် ပြန်လည်ရောက်ရှိလာသောဝန်ကြီးများအနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများအိမ်ရာတွင်ပြန်လည်ရောက်ရှိနေကြောင်းသိရပါတယ်။

“ခေါ်သွားတာတော့ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတာပဲ။ အဝတ်နက်အိတ်စွတ်ပြီးတော့ ခေါ်သွားတာပဲ ဘာမှတော့မမေးဘူး၊ ဘာမှတော့ မပြောဘူး၊ဟိုရောက်တော့လဲ အထက်က ခိုင်းလို့တာဝန် အရလုပ်ရတာပါ ဘာမှထိခိုက်ပြီးနာကျင်အောင်ဘာမှမလုပ်ပါဘူး၊အဲလိုနဲ့ ကောင်းကောင်းမွန်မွန် မနက်စာလေး ကျွေးလိုက်ပါတယ်”လို့ ဒေါက်တာခင်မောင်အေးက ဆိုပါတယ်။

“မနေ့ကအထိပြန်ရောက်တာက ဦးဇော်မျိုးဝင်းပြန်ရောက်တယ်၊ဦးဇော်မင်းပြန်ရောက်တယ်၊ ဦးတင်နွယ်ဦးကတော့ ပြန်ရောက်လား မသေချာသေးဘူး၊ဦးမြင့်ဇော်ကတော့ ဂန့်ဂေါပြန်တယ်၊ ဦးမြင့်အောင်ကလည်း ကံမပြန်တယ်ဆိုတော့ ဒီထဲမှာမရှိဘူးပေါ့နော၊ဦးဝင်းမော်ဌေးနဲ့ ဦးလှသန်းတို့ ၊ဦးမြင့်ဆွေတို့ အခုထက်ထိတော့ ပြန်မရောက်သေးဘူးလို့ သတင်းရပါတယ်။အခုတော့ အိမ်မှာ၊တအိမ်နဲ့ တစ်အိမ်လဲ သွားလို့ရပါတယ်၊ ဝန်းထဲက အပြင်တော့ထွက်လို့မရဘူး”လို့ ဒေါက်တာခင်မောင်အေးက ပြောပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က