အစိုးရကပေးထားတဲ့နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်မပေးတော့ပါဘူး။

ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက်အစောပိုင်းမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဝန်ကြီးချုပ်တွေထဲကမှ ဒီကနေ့မှာတော့ အများစုကို ပြန်လည်လွှတ်ပေးလိုက်ပြီး ကိုယ်ပိုင်နေအိမ်တွေမှာပဲ အကျယ်ချုပ်သဘောမျိုးထားရှိထားတယ်လို့ သိရပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး အစိုးရကပေးထားတဲ့ဝန်ကြီးချုပ်နေအိမ်တွေမှာတော့ နေခွင့်မပေးတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေးမှ ဦးကြည်တိုးက Duwunကိုပြောပါတယ်။



“ဒီကနေ့မှာတော့ ဝန်ကြီးချုပ်အဆင့်တွေကို ပြန်လွှတ်တယ်။ အစိုးရအိမ်တွေမှာတော့မဟုတ်ဘူး။ အဲဒီမှာနေလို့မရတော့ဘူး။ သူတို့ကိုယ်ပိုင်အိမ်တွေကိုပဲ ပြန်ပို့ပြီး အကျယ်ချုပ်သဘောထားတယ်။ အပြင်မှာလည်းလုံခြုံရေးချထားတယ်။ တချို့ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်အတော်တော်များများနဲ့တော့ အဆက်သွယ်ပြန်ရပါပြီ”လို့ ဦးကြည်တိုးက ပြောပါတယ်။

ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်တွေထဲမှာ လတ်တလောသိရှိရသလောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ပါဝင်တယ်လို့ သိရပါတယ်။

မနေ့က တပ်မတော်က အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ပြောင်းလဲခန့်အပ်တာဝန်ပေးအပ်ခဲ့ပေမယ့် ဝန်ကြီးချုပ်တွေအပြောင်းအလဲပြုလုပ်ခြင်းတော့မရှိသေးပါဘူး။ လက်ရှိမှာတော့ ဝန်ကြီးချုပ်တွေကို အပြင်ထွက်သွားလာခွင့်တားမြစ်ထားသလို လုံခြုံရေးအစောင့်အရှောက်အပြည့်အစုံနဲ့ စောင့်ကြည့်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။



က္က