တပ်မတော်ကအာဏာသိမ်းယူပြီးနောက်မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အနေနဲ့ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ဖူးဆိုတဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆန့်ကျင်တဲ့ Civil Disobedience Movement ကို စတင်လုပ်ဆောင်တော့မယ်လို့ မန္တလေးက ဆရာဝန်အချို့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖေဖေါ်ဝါရီ(၁)ရက်နေ့မှာ တပ်မတော်ကအာဏာသိမ်းယူပြီးနောက် ဝန်ကြီးဌာနတွေမှာ ဒု-ဝန်ကြီးတွေကို ရာထူးကထုတ်ပယ်ခဲ့သလို ဝန်ကြီးနေရာတွေအတွက် တာဝန်ပြောင်းလဲခန့်အပ်တာမျိုးတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။
တပ်မတော်ရဲ့အာဏာသိမ်းယူမှုကိုဆန့်ကျင့်တဲ့အနေနဲ့ ပြည်သူ့ဝန်ထမ်းတွေအလုပ်မဆင်းတဲ့လှုပ်ရှားမှုလုပ်ကြဖို့တိုက်တွန်းမှုတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာထွက်ပေါ်ခဲ့ပြီးနောက်မှာ မန္တလေးမြို့က ကုတင် ၃၀၀ကလေးဆေးရုံအပါအဝင် ဆေးရုံအချို့က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်မယ့် Civil Disobedience Movement ကိုစတင်မယ်လို့ထုတ်ပြန်ချက်အချို့ကို ထုတ်ပြန်ခဲ့ကြပါတယ်။
" ကျွန်တော်တို့ ကုတင် ၅၅၀ဆံ့က ဆရာဝန်တွေကလည်း မနက်ဖြန်မနက်ကစပြီးမဆင်းတော့ဘူးတဲ့။ စာတော့မထုတ်သေးဘူးအခြေအနေက ကလေးတွေကစာတော့မတင်ဘူးတဲ့။"လို့ မန္တလေးကုတင် ၅၅၀ဆံ့ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက Duwun ကိုပြောပါတယ်။
မန္တလေးက ဆရာဝန်တွေအနေနဲ့ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီ(၃)ရက်နေ့ကစတင်မယ်လို့ ထုတ်ပြန်ထားပြီး ဆေးရုံအများစုမှာတော့ လက်ရှိအချိန်အထိ ဆရာဝန်အင်အားအပြည့်ရှိနေသေးတယ်လို့လည်းသိရပါတယ်။ "လောလောဆယ်တော့ တာဝန်ယူထားတဲ့ဆရာဝန်တွေရှိနေဆဲပါ။ လောလောဆယ်အထိပေါ့။ နောက်ရက်တွေတော့မပြောနိုင်သေးပါဘူး။ အခုရက်အထိတော့ ရှိပါသေးတယ်။"လို့ မန္တလေး ၆၂လမ်း၊ ကုတင် ၃၀၀ဆံ့ဆေးရုံကြီးမှ ဒေါက်တာဝေဝေဦးက Duwun ကိုပြောပါတယ်။
လက်ရှိအချိန်မှာ ပြည်ထောင်စုဝန်ကြီးအများစုလည်း မိမိဆန္ဒအလျောက် နုတ်ထွက်နေကြကာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးလည်း ရာထူးကနုတ်ထွက်ခဲ့ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးအဖြစ် အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကို ပြောင်းလဲခန့်အပ်ထားပါတယ်။