ပြည်မြို့က မိုးမေတ္တာ နာရေးကူညီမှုအသင်းလည်း ပါဝင်လာပါတယ်။

စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ကြောင်း ဆန့်ကျင်တဲ့ Civil Disobedience Campaign ကို ပြည်မြို့ ကုတင် (၅၀၀ ) အထွေထွေရောဂါကုဆေးရုံကြီး လက်ထောက်ဆရာဝန်များနဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်း ပါဝင်လာပြီဖြစ်ပါတယ်။

 ပြည်မြို့ ကုတင် (၅၀၀ ) အထွေထွေရောဂါကုဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တွေဟာ မနက်ဖန် ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်ခြင်းမပြုလိုဘဲ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသသွားမယ်လို့ ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ကျန်းမာရေးနှင့် အစိုးရဝန်ထမ်းတွေ အားလုံးအနေနဲ့ လည်း တခဲနက် ဆန့်ကျင်ဆန္ဒပြပြီး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။



ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်တွေကို လက်နက်ကိုင်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို လက်နက်အားကိုးဖြင့် တရားနည်းလမ်းမကျ အဓမ္မသိမ်းယူထားပြီး အာဏာရှင် စစ်ယန္တရား လည်ပတ်ဖို့အတွက် အစိုးရအဖွဲ့ တစ်ခုကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဖွဲ့စည်းထားတာကြောင့် ပြည်မြို့ ကုတင် (၅၀၀ ) အထွေထွေရောဂါကုဆေးရုံကြီး လက်ထောက်ဆရာဝန်တွေဟာ  Civil Disobedience Campaign လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်မြို့နယ်ထဲက ကျန်းမာရေး ဌာနမှာလုပ်ကိုင်နေတဲ့ ဆရာဝန်တစ်ဦးဖြစ်သူက"comfirm ဖြစ်ပါတယ်။ ဆေးရုံကြီးက AS (လက်ထောက်ဆရာဝန်) တွေ တင်တာပါ"လို့ ပြောပါတယ်။

ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကတော့ လက်ထောက်ဆရာဝန်တွေ မနက်ဖန်ကစပြီးအလုပ်မဆင်းတော့တဲ့ကိစ္စကို မသိသေးဘူးလို့ ဆိုပါတယ်။ ပြည်မြို့က မိုးမေတ္တာ နာရေးကူညီမှုအသင်း အနေဖြင့်လည်း ယခင်က ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကိုဗစ်ကာကွယ်၊တားဆီး၊ထိန်းချုပ်ရေး အထောက်အကူအပြုလုပ်ငန်းတွေကို ဒီနေ့ကစပြီး ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ဘူးလို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

"အခု စိတ်မပါတော့လို့ပါ။အရင်က အစ်ကိုက စောင့်ကြည့်ရေး Camp. တွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ဘော်လန်တီယာ လုပ်တယ်၊camp ဘော်လန်တီယာတွေကို အလှူရှင်ရှာတာတွေ၊ကာကွယ်ဆေးအတွက် လှူဒါန်းမှုတွေ ကိုဗစ်လုပ်ငန်းတွေမှာ ဘော်လန်တီယာအဖြစ်လုပ်ခဲ့တယ်။ခုတော့ စိတ်မပါတော့လို့ မလုပ်ချင်တော့လို့ပါ၊ဘာကြောင့်မလုပ်ချင်တော့လဲဆိုရင် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် လုပ်ရတာစိတ်ထဲမှာမပါတော့ဘူး။နိုင်ငံရေးအပြောင်းအလဲကြောင့်စိတ်ထဲမှာမကောင်းဘူး။ဒါကြောင့် မလုပ်တော့ဘူး။" လို့ ပြည်မြို့နယ်အတွင်း ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းမှာ ဘော်လန်တီယာ အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုပြည်သစ္စာက ပြောပါတယ်။

စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ကြောင်း ဆန့်ကျင်တဲ့ Civil Disobedience Campaign ကိုတော့ မန္တလေးတိုင်းနဲ့ နေပြည်တော်မှာပါ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့အစိုးရအောက်မှာသာ အလုပ်လုပ်မယ်.. စစ်အစိုးရ အုက်ချုပ်မှုအောက်မှာအလုပ်မလုပ်ဟုဆိုကာ အလုပ်ကနေ နုတ်ထွက်စာတင်ပြီး နုတ်ထွက်လိုက်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းရှိလာနေပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ သူရဲ့ပြည်ထောင်စုဝန်ကြီး တာဝန်ကနေ နုတ်ထွက် သွားပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က